Thursday, October 1, 2015

NCA လက်မှတ်ထိုးမည့်ရက် သတ်မှတ်ရန် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆွေးနွေးမည်

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည့် ရက် သတ်မှတ်နိုင်ရေး အတွက် UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထံမှ သိရသည်။NCA စာချုပ်ကို လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီး အစည်းအဝေးတွင် ဆုံးဖြတ်ထားခြင်းကြောင့် စာချုပ်တွင် လက်မှတ်ထိုးမည့် ရက်ကို သတ်မှတ်ရန် ထိုသို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရှိရသည်။

“လက်မှတ်ထိုးမယ့် ကိစ္စကို ဆက်ဆွေးနွေးဖို့ လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာ ရန်ကုန်မှာ တွေ့ဖို့ရှိတယ်။ အဲ့ဒီမှာ အစိုးရဘက်က ကျွန်တော်တို့အဖွဲ့ဝင် ၁၅ ဖွဲ့ကို ဖိတ်ထားတယ်။ အားလုံးတက်မယ်လို့ မျှော်လင့်တယ်။ အဲ့ဒီမှာ လက်မှတ်ထိုးမယ့်ရက် သတ်မှတ်တာ၊ အခမ်းအနား ဘယ်လို ကျင်းပမယ် ဆိုတဲ့ အချက်တွေကို ဆွေးနွေးကြမှာပါ” လို့ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၉ ဖွဲ့ တက်ရောက်ခဲ့ပြီး NCA ကို လက်မှတ် ရေးထိုးမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ၊ ရခိုင် လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်မှတ်မထိုးဘဲ ကျန်ခဲ့သည့် အဖွဲ့များကို စစ်ရေး အာမခံချက်ရှိရေး၊ လတ်တလောတွင် လက်မှတ် မထိုးနိုင်သေးသော်လည်း ရှေ့ဆက် ပါဝင်လာနိုင်စေရန် မည်ကဲ့သို့ ဆက်လုပ်သွားမည် ဆိုသည်ကို အစိုးရနှင့် ဆက်လက်ဆွေးနွေးဖို့ ရှိကြောင်း ပူးဇင်ကျူံးက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment