Friday, July 13, 2018

မြန်မာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသော အလိုရှိ မူးယစ်ရာဇာစာရင်း ဘင်္ဂလာဒေ့ရှ်မှ လွဲပြောင်းပေးအပ်


လေးရက်ကြာ ဒက္ကားမြို့တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အဆင့် ထိပ်သီးအစည်းအဝေး အပြီးတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများမှ မြန်မာဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် အလိုရှိနေသူများ၏ စာရင်းကို မြန်မာဘက်သို့ လွဲပြောင်း ပေးအပ်ခဲ့သည်ဟု The Daily Star သတင်းစာတွင် BGB hands BGP a list of fugitive Drug dealers ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၂ ရက်နေ့က သတင်းဖော်ပြသည်။ 

“ ကျွန်တော်တို့ ရာဇ၀တ်သားတွေရဲ့ စာရင်းကို မြန်မာဘက်သို့ လွဲပြောင်းပေးအပ်ခဲ့သလို သူတို့နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ညှိနိုင်း ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်” ဟု ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး Md Majibur Rahman က ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

ဘင်္ဂလာဒေ့ရှ်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လုံးဝ သည်းမခံသည့် ပေါ်လစီချမှတ်ပြီး ဆန့်ကျင် နှိမ်နှင်းနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မူးယစ် ဆေးဝါးနှိမ်နှင်းရေးကို သူတို့နိုင်ငံ၏ ပေါ်လစီအတိုင်း ဆောင်ရွက်နေသည်ဟု ပြောကြောင်း သတင်းတွင် ဖော်ပြသည်။ 

မူးယစ်ဆေးဝါးနှိမ်နှင်းမှုကို ဘင်္ဂလာ အစိုးရ၏ အထူးဦးစားပေး ပေါ်လစီ တစ်ရပ် ချမှတ်ပြီး ဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးနှိမ်နှင်းရေး စစ်ဆင်ရေးအတွင်း လူပေါင်း ၁၆၀ သေဆုံးခဲ့ပြီဟု သိရသည်။ 

ဇူလိုင်လ ၉ ရက်နေ့က စတင်ခဲ့သော ၄ ရက်ကြာဆွေးနွေးပွဲမှာ ဇူလိုင် ၁၂ ရက်နေ့တွင်ပြီးဆုံးခဲ့ပြီး ဆွေးနွေးပွဲတွင် နယ်ခြားဒေသ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ရန် နှစ်ဘက်တာဝန်ရှိသူများမှ ဂတိပြုခဲ့ကြသည်ဟုလည်း သတင်းတွင် ရေးသားထားသည်။

၎င်းပြင် နယ်စပ်ဒေသတွင် ကြီးထွားလာနေသော တရားမ၀င် ယာဘား စိတ်ကြွဆေးပြား ရောင်းဝယ်မူကြီးထွားလာမှု အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး မြန်မာဘက်က တရားမ၀င် မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် တစ်ဦးကို တစ်ဦးကူညီရန် သဘောတူခဲ့သည်ဟုလည်း သိရသည်။

ဘင်္ဂလာဒေ့ရှ် နယ်ခြားမြို့ တက်ကနက်နှင့် မြန်မာဘက်မှ လောင်းဂဒူးတွင် ဆက်သွယ်ရေးရုံးများ စတင် ဖွင့်လှစ်ထားရှိရန်၊ နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မူကို ထိန်းသိမ်းကြရန်လည်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။

၎င်းအစည်းအဝေးသို့ မြန်မာဘက်မှ ရဲတပ်ဖွဲ့ ရဲမှူးချုပ် မျိုးသန်း ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်မှ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် Md Anisur Rahman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် မူးယစ်တိုက်ဖျက်ရေး ဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

(နောက်ဆက်တွဲ)

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါးနှိမ်နှင်းရေး စစ်ဆင်ရေးကို ပြင်းပြင်း ထန်ထန် ပြုလုပ်နေရာ ၎င်းနိုင်ငံမှ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများသည် မြန်မာနိုင်ငံ မောင်တောမြို့နယ် အတွင်းသို့ ထွက်ပြေး ၀င်ရောက်ခိုလှုံမှုများ ရှိနေကြောင်း သတင်းကို နိရဉ္စရာ သတင်းဌာက လွန်ခဲ့သည့် ဇွန်လအတွင်းက ရရှိခဲ့သော်လည်း သတင်းကို အတည်ပြုမည့်သူ အစိုးရ တာဝန်ရှိသူများ မရှိသဖြင့် သတင်းထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါ။

လွန်ခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဒေသခံ တစ်ဦးအား မေးမြန်းခဲ့ရာ ၎င်းက “ ကျွန်တော်တို့ ကြားသိ ရသလောက်ကတော့ တစ်ဘက် ဘင်္ဂလာဒေ့ရှ်ကနေ ဖမ်းဆီး သတ်ဖြတ် ခံရမှာကို ကြောက်ပြီး မောင်တောမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘင်္ဂလာဒေ့ရှ် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေ ရှိနေတယ်လို့ သတင်းရတယ်။ အရေအတွက် ဘယ်လောက် ရှိတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူး” ဟု သူက ပြောဆိုခဲ့သည်။

နောက်ဒေသခံ တစ်ဦးကလည်း “ဒီလို နယ်စပ်မှာ သတင်းဖြစ်နေတဲ့ အတွက် ဒါဟာ ဟုတ်/ မဟုတ်ဆိုတာကို အာဏာပိုင်တွေက စစ်ဆေးနိုင်ရင်ပိုကောင်းပါမယ်။ နယ်စပ်ဆိုတော့ ဖြစ်နိုင်ခြေအများ ကြီးရှိနေပါတယ်။ အရင်ကလည်း ဒီဘက်ကလူက ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးတာ၊ ဟိုဘက်လူ ပြစ်မှုကျူးလွန်ပြီး ဒီဘက်ကို ထွက်ပြေးလာတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ အခုလည်း ဟိုဘက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေရှိနေတော့ ဒီဘက်ကို ၀င်ပြေး လာတယ်ဆို တာ ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” ဟု ပြောဆိုခဲ့ဖူးသည်။ 

ဇူလိုင် ၉ ရက်နေ့က ၁၂ ရက်နေ့ထိ ပြုလုပ်သော ၄ ရက်ကြာ နှစ်ဖက်နိုင်ငံ နယ်ခြား စောင့်ရဲတပ်ဖွဲ့အဆင့် အစည်းအဝေးတွင် မြန်မာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် မူးယစ်ရာဇာများ၏ စာရင်းကို ဘင်္ဂလာဒေ့ရှ်က လွဲပြောင်း ပေးအပ်ခဲ့သဖြင့် ၎င်းသတင်းမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။ 

(ဓာတ်ပုံ - အစည်းအဝေး ပြုလုပ်နေစဉ်/. The Daily Star)
Narinjara

0 comments:

Post a Comment