Friday, July 13, 2018

မြန်မာ့ကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းက မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု နည်းနေသေးတယ်လို့ ဗဟိုဘဏ်ဆို


မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု နည်းနေသေးတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောပါတယ်။

လတ်တလော ကာလမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသလို အဓိကကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးတန်ဖိုးတွေလည်း ကျဆင်းနေတဲ့အတွက်ကြောင့် ခုလိုသုံးသပ်တာလို့ သူမက ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာ နဲ့ တွေ့ဆုံမေးမြန်းစဉ် အထက်ပါစကားကို ပြောကြားလိုက်တာပါ။

ဇူလိုင်လ ၁၂ရက်နေ့က အမေရိကန် ၁ဒေါ်လာကို မြန်မာငွေကျပ် အရောင်း ၁၃၉၄ ကျပ်၊အ၀ယ် ၁၄၀၄ ကျပ် ဈေးရှိခဲ့ပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်း တက်ခြင်း၊ ကျခြင်း က မြန်မာ့စီးပွားရေးအပေါ် အနုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာ ရှိတာမဟုတ်ဘဲ အပေါင်းလက္ခဏာ ဆောင်သော သက်ရောက်မှု (ပို့ကုန် ဈေးချိုခြင်း)တွေလည်း ရှိပါတယ်။ ဒါပေမယ့် ငွေလဲလှယ်နှုန်း တည်ငြိမ်မှုမရှိ ပါက နိုင်ငံအတွင်းကို စီးဝင်မယ့် နိုင်ငံ ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကို ဆွဲဆောင်မှုနည်းစေတဲ့အတွက် FDI ကျဆင်းနိုင်ပါတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် သူမက ဆက်၍ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းက ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေလဲလှယ်နှုန်း အတက်အကျ ပေါ်မှာလည်း တည်မှီနေပါတယ်။ လက်ရှိ အခြေအနေမှာ အမေရိကန်ဒေါ်လာ တန်ဖိုး အားကောင်းနေခြင်းနဲ့ အတူ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်နိုင်ငံ ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပို့ကုန်ကျဆင်းနေတဲ့ အတွက် တရုတ်ယွမ်ငွေတန်ဖိုးမှာလည်း ကျဆင်း ခဲ့ပါတယ်။ မြန်မာနိုင်ငံက တရုတ် နိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးဖြစ်တဲ့ အတွက် တရုတ်ယွမ်ငွေ ကျဆင်းခြင်းက မြန်မာကျပ်ငွေတန်ဖိုးအပေါ် သက်ရောက် မှုရှိနေပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေး ဈေးကွက်ရဲ့ အနေအထားကို ပုံမှန် စောင့်ကြည့်စစ်ဆေးနေပြီး ဈေးကွက် အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမယ့် ဈေးကစားမှုများကို ကြပ်မတ်ကွပ်ကဲလျက်ရှိနေကြောင်းပါ သူမက ဆက်ပြောပါတယ်။

ဇူလိုင်လ ၆ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ပုံမှန်တွေ့ဆုံပွဲ မှာတော့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ငွေကြေးလဲလှယ်နှုန်းမြင့်တက်လာခြင်း နဲ့ ပို့ကုန်သွင်းကုန်ပမာဏကွာဟခြင်း (Trade Deficit) တို့ကြောင့် အခြေခံ လူတန်းစားများအတွက် ကုန်ဈေးနှုန်းများမြင့်တက်ကာ ထိခိုက်နိုင်တာကြောင့် လျော့ကျအောင်ဆောင်ရွက်ပေးဖို့ တင်ပြခဲ့တာရှိပါတယ်။ 

Pnews

0 comments:

Post a Comment