Friday, July 20, 2018

မလေးရှားတွင် ဘုရင်နှင့်ဝန်ကြီးချုပ်ကို သတ်မည်ဟု ခြိမ်းခြောက်သူအပါအဝင် အကြမ်းဖက်မည်ဟု သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီး


မလေးရှားဘုရင်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နှင့် ဝန်ကြီးတစ်ဦးကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သူအလုပ်လက်မဲ့ အမျိုးသားအပါအဝင် အကြမ်းဖက်မည်ဟု သံသယရှိသူ ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရဲမှူးချုပ် မိုဖူဇီဟာရန်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း Channnel News Asia သတင်းဌာနက ဖော်ပြသည်။

နောက်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး ရဲခြောက်ဦးညှဉ်းပန်းနှိပ်စက်ကာ အသတ်ခံခဲ့ရသော မေလအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမှ ရဲစခန်းတစ်ခု သုံးရက်ကြာ စီးနင်းခံရမှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားတစ်ဦးနှင့် ပတ်သက်သူဖြစ်သည်။ 

ဖမ်းဆီးထားသူများထဲတွင် လေးဦးမှာ မလေးရှားနိုင်ငံသားများဖြစ်ပြီး သုံးဦးမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်သည့် တီရန်ဂါနူ၊ ဆီလန်ဂေါ၊ ပီရက်နှင့် ဂျိုဟောတို့တွင် ဇူလိုင်လ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ အလုပ်လက်မဲ့အမျိုးသားမှာ IS အဖွဲ့ကိုထောက်ခံသူဖြစ်ပြီး မလေးရှားဘုရင် ပဉ္စမမြောက် ဆူလ်တန်မိုဟာမက်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးမူဂျာဟစ် ယူဆွတ်ဖ်ရာဝါတို့ကို သတ်ဖြတ်မည်ဟု သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့သူဖြစ်သည်ဟု ဖူဇီက ပြောကြားသည်။

မလေးရှားခေါင်းဆောင်များသည် ရှာရီးယားဥပဒေများနှင့်အညီ မအုပ်ချုပ်သောကြောင့် အစ္စလာမ်သာသနာ အဆုံးအမနှင့် မကိုက်ညီဟု ယင်းအမျိုးသားက ယူဆထားသည်ဟုဆိုသည်။

နောက်ထပ်ဖမ်းမိသည့် မလေးရှားနိုင်ငံသားနှစ်ဦးမှာ အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၂၄ နှစ် အရွယ်အမျိုးသမီးတို့ဖြစ်ကာ ဂျိုဟောတွင် ဖမ်းမိခြင်းဖြစ်သည်။

စက်မှုပညာသည်တစ်ဦးဖြစ်သူ အမျိုးသားမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တွင် ဗုံးခွဲတိုက်ခိုက်မှုများလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သူဖြစ်သည်။

The Voice

0 comments:

Post a Comment