Wednesday, July 25, 2018

မန္တလေးတွင် သပိတ်စခန်းဖွင့်သည့် ဦးကျော်မျိုးရွှေ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံရ


မန္တလေးမြို့တော်၌ ၂၀၁၇ ခုနှစ်အတွင်းက သပိတ်စခန်းဖွင့်ခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးကျော်မျိုးရွှေကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေရန် အမိန့်ချလိုက်သည်။

ယင်းအမှုကို နှစ်ဖက်ထွက်ဆိုချက်၊ သက်သေခံထွက်ချက်များအပေါ်တွင် မူတည်ကာ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲကျခံရန် အမိန်ချခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

“တစ်ခုပဲပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ သံဃာတော်တွေကို ဆွမ်းကပ်မိတဲ့အတွက် ထောင်တစ်နှစ်ခွဲချခံရတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု ပြစ်ဒဏ်ချခံရသူ ဦးကျော်မျိုးရွှေက အမိန့်ချမှတ်ခံလိုက်ရပြီးနောက် ပြောဆိုခဲ့သည်။

ယင်းသို့ အမိန့်ချမှတ်ခံရမှုနှင့်ပတ်သက်၍ မန္တလေးခရိုင်တရားရုံးထံ အယူခံပြင်ဆင်ချက်တက်သွားမည်ဖြစ်ကြောင်း ဦးကျော်မျိုးရွှေ၏ အကျိုးဆောင် ရှေ့နေဦးဇော်ဝိတ်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် အမျိုးဘာသာ ချစ်မြတ်နိုးသူများက နိုင်ငံတော်အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့ရာတွင် မန္တလေးတိုင်းအစိုးရအဖွဲ့က သပိတ်စခန်းကို ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဖျက်မပေးသည့်အတွက် ဩဂုတ်လ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းဖျက်သိမ်းခဲ့ပြီး သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းအမှုတွင်ပါဝင်သူ သံဃာတော်လေးပါးကိုလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲစီကျခံစေရန် ချမ်းမြသာစည် မြို့နယ်တရားရုံးကပင် အမိန့်ချမှတ်ခဲ့သေးသည်။ 

The Voice

0 comments:

Post a Comment