Tuesday, July 31, 2018

ကြက်ခြံများ ရေကြီးနစ်မြုပ်မှုကြောင့် ကြက်သားဈေးတက်



ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြံများ ရေကြီးနစ်မြုပ်မှုများကြောင့် ထွက်နှုန်းလျော့ကျကာ ကြက်သားဈေးများ မြင့်တက်လာကြောင်း အသားတိုး ကြက်ထုတ်လုပ် မွေးမြူရောင်းချသူများ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။
ကြက်သားခြံဖမ်းဈေးမှာ ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းနှင့် ကြက်သားဈေးနှုန်းများမှာ ဇူလိုင်လအစက လက်လီဈေး အသား တစ်ပိဿာလျှင် ကျပ် ၇၀၀၀ အထိ ဈေးနှုန်းရှိခဲ့ပြီး ယခုလ နောက်ဆုံးအပတ်မှစတင်ကာ ကြက်သားလက်လီ ဈေးတစ်ပိဿာလျှင် ကျပ် ၈၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ယင်းဈေးကွက်ထံမှ သိရှိရသည်။
“ငါးလပိုင်းမှာ လေမုန်တိုင်းကြောင့် ခြံတွေ ပြိုသွားတော့ ခြံဖမ်းဈေးကတက်တယ်။ အဓိက ခြံတွေမှာ ကြက်တွေက ပြန်မထည့်တော့ ထုတ်လုပ်မှုကောင်ရေက လျော့ကျလာတယ်။ ခြံပြိုတဲ့အချိန်ရော အခုကရေကြီးတော့ လမ်းတွေ မကောင်းတော့ မော်လမြိုင်က နယ်က ကြက်တွေလည်း မဝင်နိုင်ဘူး။ ပဲခူးတိုင်းမှာလည်း ခြံတွေပြိုသွားတော့ ကြက်သားထွက်နှုန်းနည်းပြီး ဈေးတွေ တက်လာတာပါ”ဟု ဦးကျော်ဝင်းက ပြောသည်။
လေမုန်တိုင်းနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်အတွက် ကြက်ကောင်ရေ တစ်ထောင်မွေးမြူသည့် ကြက်ခြံပိုင်ရှင်ကို တစ်ဦးလျှင် ကျပ်ငါးသောင်းအသင်းက ထောက်ပံ့ပေးလျက်ရှိပြီး ယခုလက်ရှိတွင် ကြက်ခြံများ ပြန်လည် တည်ဆောက်ပြီးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကြက်သားဈေးက ရေကြီးတော့ ကြက်တွေမဝင်လို့ ဈေးတက်လာတယ် ပြောတယ်။ ကြက်သား လက်လီဈေး တစ်ပိဿာ ၇၀၀၀ ကျပ်ကနေ ကျပ် ၈၀၀၀ လောက် ဈေးတက်လာတယ်။ တခြား သံပရာသီး၊ ကုန်စိမ်းနဲ့ စားသောက်ကုန်တွေလည်း ဒီရက်ပိုင်း အကုန်တက်လာတယ်”ဟု သာကေတမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း ဒေါ်သရဖီဝင်းကဆိုသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးတွင် ယခင်လနှင့် ယခုလအစက ဒိုင်ဈေး ခြံဖမ်းဈေးနှုန်း လက်ကားဈေး တစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃၆၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးထံမှ သိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့ရှိ ကြက်ဥဈေးနှုန်းများမှာ ၁၀ ကျပ်ခန့် မြင့်တက်လာကာ ကြက်ဥတစ်လုံးလျှင် လက်ကားဈေး ၁၂၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မြို့နယ်များရှိ ဈေးများတွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ကျပ် ၁၅၀ မှ ၁၆၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
The Voice






0 comments:

Post a Comment