Tuesday, July 31, 2018

အာရှခရီးသွားများ အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသရန်ကိစ္စ ပြန်လည်ညှိနှိုင်းမည်



ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုသော်လည်း လေဆိပ်တွင် Show Money အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြရန် ထုတ်ပြန်ထားမှုကို ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

“တစ်ထောင်ပြဖို့အတွက် ဝင်လာတဲ့ဧည့်သည်တိုင်းကို စစ်ဖို့ခက်တော့ ကတ်စနစ်နဲ့စစ်မလား Random စစ်မလားဆိုတာ မပြောနိုင်သေးဘူး။ အခုက ငွေသားစစ်မယ်ဆိုရင် ခက်ခဲမှုတွေရှိတယ်ဆိုပြီး တင်ပြလာတဲ့အတွက် ပြန်လည်ညှိနှိုင်းသွားမှာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါ ဆိုက်ရောက်ဗီဇာကြေးများကို ကောက်ခံရာတွင် ကတ်စနစ်ဖြင့်လည်း ဆောင်ရွက်ရန် CB ဘဏ်မှ ညှိနှိုင်းပြောဆိုမှုများလည်းရှိနေကြောင်း ဒေါ်ခင်သန်းဝင်းထံက သိရသည်။

မြန်မာနိုင်ငံသို့လာရောက်မည့် ဂျပန်၊ ကိုရီးယား နိုင်ငံသားများအနေနှင့် ဗီဇာကင်းလွတ်ခွင့် ခွင့်ပြုထားပြီး တရုတ်နိုင်ငံသား အပါအဝင် ဟောင်ကောင်နှင့် မကာအို နိုင်ငံသား ကမ္ဘာလှည့်ဧည့်သည်များကို ဆိုက်ရောက်ဗီဇာကြေး ၅၀ နှင့် Show Money အမေရိကန်ဒေါ်လာ ၁၀၀၀ ပြနိုင်ရမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိ ဂျပန်၊ တရုတ်၊ ကိုရီးယား နိုင်ငံသားများအနေနှင့် ငွေသားထက်ကတ်စနစ်ကို အသုံးများလျက်ရှိပြီး ခရီးသွားလာရာတွင် ငွေသားကိုင်ဆောင်မှုမှာလည်း နည်းပါးကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်း လျော့နည်းနေသည့်အတွက် ဝင်ရောက်မှုတိုးရန်မှာ လေဆိပ်တွင် ဒေါ်လာ တစ်ထောင်ပြသရန်ခက်ခဲကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
“Show money ကိစ္စက ပြရမယ်ဆိုပြီး ကြေညာချက်က ထွက်ထားတယ်။ ဒါပေမဲ့မြေပြင်မှာ ဆောင်ရွက်ဖို့က မလွယ်ကူတော့ ဘယ်လိုနည်းလမ်းနဲ့ ဆောင်ရွက်မလဲဆိုတာကို သက်ဆိုင်ရာဌာနတွေအကြား ညှိနှိုင်းနေတဲ့ အခြေအနေရှိတယ်လို့ သိထားတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကဆိုသည်။ “လက်ရှိက မြေပြင်မှာ တစ်ထောင်ပြဖို့က ခက်ခဲတော့ အဖြေထွက်မှဖြစ်မယ်” ဟု Wazo ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသန်းနိုင်ကဆိုသည်။
လက်ရှိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၁ ဒသမ ၂ သန်းကျော် ဝင်ရောက်မှုရှိပြီး တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၃၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသား ခရီးသွားဧည့်သည် ၂ ရာခိုင်နှုန်း ဝင်ရောက်မှုရှိကာ ကိုရီးယားနိုင်ငံခရီးသွားဧည့်သည်မှာ ရာခိုင်နှုန်း အလွန်နည်းပါးနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice




0 comments:

Post a Comment