Monday, July 30, 2018

ရုရှား၌ ကျင်းပသည့် Army Game 2018 ပြိုင်ပွဲမြန်မာတပ်မတော် ပထမဦးဆုံး ဝင်ပြိုင်

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Army Game 2018 ပြိုင်ပွဲသို့ မြန်မာတပ်မတော်က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း Army Game 2018 အင်တာနက်စာမျက်နှာနှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာနိုင်ဆွေဦးထံမှ သိရသည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၂၈ ရက်က ဖွင့်ပွဲကျင်းပခဲ့ပြီး တင့်ကားစွမ်းရည် ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်နေကာ မြန်မာ့တပ်မတော် တင့်ကားအသင်းသည် ဇူလိုင် လ ၂၉ ရက်၌ စတင်ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။ “တပ်မတော်အနေနဲ့က အာဆီယံအဆင့် သေနက်ပစ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အတွေ့အကြုံတွေလည်း ရှိတယ်။ ဆုတွေလည်း ထိုက်သင့်သလောက် ရခဲ့ပါတယ်။ မြန်မာ့တပ်မတော် ဝင်ပြိုင်တဲ့ပွဲက ဒီနေ့မှစတာဆိုတော့ ခန့်မှန်းရတော့ ခက်ပါတယ်”ဟု ၎င်းက ဆိုသည်။ မြန်မာတပ်မတော်က ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြီး ပြိုင်ပွဲအမျိုးအစား သုံးမျိုးဖြစ်သည့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စနိုက်ပါလက်ဖြောင့်ပြိုင်ပွဲနှင့် စစ်မြေပြင် ဆေးကုသမှုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ရန်ရှိသည်ဟု ပြိုင်ပွဲကျင်းပရေး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တင့်ကားစွမ်းရည်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံ ဝင်ရောက်ယှဉ်ပြီး ဇူလိုင်လ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီ အချိန်ထိ အသင်း ၁၂ အသင်း ယှဉ်ပြိုင်ထားချိန်၌ ဗိုလ်မှူးကြီး ညီညီဝင်ဦးဆောင်သည့် မြန်မာ့တပ်မတော် တင့်ကားအသင်းက အဆင့် ၈ နေရာ ရထားပြီး ၂၃ သင်းလုံး ယှဉ်ပြိုင်ပြီးချိန်တွင် အဆင့် ၁၂ အတွင်း ပါဝင်သောအသင်းသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည်။ မြန်မာတပ်မတော်အနေနှင့် အာဆီယံ သေနတ်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၄ အာဆီယံ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသည်။ အပြည်ပြည်ဆိုင်ရာတပ်မတော် အားကစားပွဲတော် (IAG) ကို ၂၀၁၄ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးကွပ်ကဲမှုဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ပြိုင်ပွဲများကို ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး လေးကြိမ်လုံးတွင် ရုရှားတင့်ကားအသင်းကသာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း https://www.newsweek.com က သိရသည်။ အာရှတိုက်ကိုကိုယ်စားပြု၍ အအောင်မြင်ဆုံးအသင်းမှာ တရုတ်တင့်ကားအသင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တတိယ၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် ဒုတိယ၊ ၂၀၁၇ ခုနှစ်တွင် တတိယရယူနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစားပွဲတော် (IAG) ကို တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ အာမေးနီးယားနှင့် အီရန်စသည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်မှစတင်ကာ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ရုရှားနိုင်ငံတွင်ကျင်းပနေသော လက်ရှိပြိုင်ပွဲတွင် မြန်မာ၊ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ဆူဒန်နှင့် ဖိလစ်ပိုင်တို့ ထပ်တိုးပါဝင်လာခြင်းကြောင့် ပြိုင်ပွဲဝင် နိုင်ငံအရေအတွက် ၃၂ သင်း ရှိသွားပြီဖြစ်သည်။ ဝေလင်း The Voice

0 comments:

Post a Comment