Monday, July 23, 2018

မူးယစ်ဆေးအိတ် ကောက်ရသည့် ကျွဲကျောင်းသား ကားတိုက်ခံရပြီး သေဆုံး


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင် နန်းရောင်းမြို့နယ်ထဲမှာ  မူးယစ်ဆေးဝါး ပါတဲ့ အိတ်တလုံး ကောက်ရတဲ့ ကျွဲကျောင်းသားငယ် ၁ ဦး ဇူလိုင် ၂၃ ရက်နေ့က အဲဒီနေရာမှာပဲ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။


အသက် ၄ နှစ်သာရှိသေးတဲ့ နောင့်မော့်စ် ဆိုသူ ကလေးငယ် ၁ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က အဘွားဖြစ်သူနဲ့  ဆဒေါင်းကျေးရွာအုပ်စု ကားလမ်းမကြီးအနီး ကျွဲကျောင်းသွားနေစဉ် လမ်းဘေးမှာ ကျနေတဲ့ အိတ်တလုံး ကောက်ရခဲ့ပါတယ်။

အဆိုပါအိတ်ကို ဖွင့်ကြည့်ရာမှာ အထဲမှာ စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေ ၄ သောင်းကျော် ပါလာတာတွေရလို့ အုပ်ထိန်းသူတွေက မြို့နယ်ရဲစခန်းကို သွားရောက်အပ်နှံခဲ့ပါတယ်။

အဆိုပါ မြေးအဘွားဟာ မနေ့ကလည်း အဲဒီနေရာတဝိုက် ကျွဲကျောင်းပြီး ကားလမ်းမကြီးကို ဖြတ်ကူးစဉ် ကလေးငယ်က ဦးစွာ ကားလမ်းကို အရင်ဖြတ်ပြေးခဲ့ကြောင်း၊ အဲဒီအချိန်မှာ အရှိန်နဲ့လာနေတဲ့ ကား ၁ စီးက ဝင်တိုက်သွားတာလို့ အဘွားဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။

ကားသမားကလည်း သူဟာ အရှိန်နဲ့ မောင်းနေစဉ် ကလေးက ကားရှေ့ကနေ ရုတ်တရက် ဖြတ်လာလို့ ဘရိတ်အုပ်ဖို့ အချိန်မမီတော့ဘဲ တိုက်မိခဲ့တာလို့ ဆိုပါတယ် ။

တိုက်မိတဲ့ကားနဲ့ မူးယစ်ဆေးပါတဲ့ အိတ်ကိစ္စဟာ လုံးဝ ဆက်စပ်မှု မရှိပေမယ့်လည်း ကလေးငယ်ဟာ မူးယစ်ထုပ် ကောက်ရတဲ့ အဲဒီနေရာမှာပဲ ကံမကောင်းစွာ သေဆုံးသွားခဲ့တဲ့ တိုက်ဆိုင်မှုအပေါ် လူတွေက အံ့သြနေကြပါတယ်။

ကိုးကား – မန်နေဂျာအွန်လိုင်း
DVB

0 comments:

Post a Comment