Wednesday, July 18, 2018

သီဟတင်စိုးအပေါ်မုဒိမ်းမှုဖြင့် အရေးယူရန် တရားလိုအဖြစ်တိုင်ကြားသူ တရားခံအဖြစ် ဖမ်ဆီးခံရ


ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုဖြင့် အမှုဖွင့်တိုင်ကြားမှုမှာ မှန်ကန်မှုမရှိသောကြောင့် လီဆယ်တိုင်ကြားသူအသက် ၄၀ နှစ်အရွယ် အိမ်အကူအမျိုးသမီးနှင့် ပူးပေါင်းကြံစည်သူကို ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စု ရိပ်မွန်အိမ်ရာရှိ သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ အသက် ၄၀ နှစ်အရွယ် မခင်မာမြင့်ကို အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်ကို သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏနယ်မြေရဲစခန်း (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ပါသည်။

အဆိုပါ အမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းစုံစမ်းဆောင်ရွက်ခဲ့ရာ တိုင်ကြားသူ ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော (၄) နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့်ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၄င်းမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း ထွက်ဆိုမှုကြောင့် ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့် (ခ) ညိုညို (ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄) နှစ်ခန့်က ဒေါ်ညို၏ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ဒေါ်----၏ နေအိမ်တွင် အိမ်အကူအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လစာ (၁)သိန်းခွဲရရှိကြောင်း၊ အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုမှ ဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောက်ျားမရှိသဖြင့်အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် နေဆန်း၏နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉) ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၄င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့်အလုပ်မှထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်အမျိုးသမီးတစ်ဦး၏ နေအိမ်တွင်လုပ်ကိုင်ခဲ့ရာ အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ ၄င်းအား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့်ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃) ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမစေခိုင်း၍ တိုင်တန်းခဲ့ကြောင်း ထွက်ဆိုသည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ၅-၇-၂၀၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အသက် (၇၅) နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ ၄င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅) နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်အား သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၄င်းမှ ဈေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ ဇနီး ဇင်မာဦးအား နစ်နာမှုအတွက် ငွေကျပ်သိန်း (၁၀၀) ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။

အလားတူ သာကေတနယ်မြေရဲစခန်းတွင်လည်း မသင်းသင်းထက်အောင်က တရားလိုပြုလုပ်၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို (ခ) ညိုညို (ခ)ဇင်မာမြင့်က တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုးအပေါ်မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလိုခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment