Friday, July 20, 2018

ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအမည်စာရင်း ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

“အကုန်လုံးကတော့ အရည်အချင်း ကိုက်ညီတယ်။ ရုပ်သိမ်းတာတွေမရှိပါဘူး။ ပြည်ထောင်စုကော်မရှင်ကိုတော့ တင်ပြရဦးမယ်။ တိုင်းအဆင့်စိစစ်တာတော့ အရည်အချင်းမကိုက်ညီတဲ့သူမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်တာတွေလည်းမရှိဘူး”ဟု ၎င်းက ရှင်းပြသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်မည့်နေ့ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိလည်းကောင်း၊ ရုပ်သိမ်းလိုက ဇူလိုင်လ ၁၃ ရက်နေ့အထိ လည်းကောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်ကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိလည်းကောင်း ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းလွှတ်တော် ရှမ်းတိုင်းရင်သားလူမျိုး မဲဆန္ဒနယ်နေရာတို့ လစ်လပ်လျက်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ 

The Voice

0 comments:

Post a Comment