Wednesday, July 25, 2018

တရုတ်တွင် ဖေ့စ်ဘွတ်ခ် ရုံးဖွင့်ရန် စီစဉ်


အကျိုးအမြတ်များသောဈေးကွက် ဖြစ်သော်လည်း ဖေ့စ်ဘွတ်ခ်၏ ဝက်ဘ်ဆိုက် အပိတ်ခံထားရသည့် တရုတ်နိုင်ငံတွင် ထိုးဖောက်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံတွင်း ရုံးဖွင့်ရန် လိုင်စင်လျှောက်ထားမှု အတည်ပြုချက် ရပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အဆိုပါရုံးသည် တရုတ် Deve-loper များ၊ တီထွင်ဆန်းသစ်သူများ၊ စွန့်ဦးတည်ထောင်သည့် လုပ်ငန်းများကို ကူညီပေးသည့် ဆန်းသစ်တီထွင်မှု ဗဟိုချက်ဖြစ်လာမည်ဟု ဖေ့ဘွတ်ခ်က ထုတ်ပြန်ခဲ့သည်။

ယင်းရုံးဖွင့်လှစ်ပြီးပါက တရုတ်ပြည်တွင် ဖေ့စ်ဘွတ်ခ်၏ ပထမဆုံးအခြေစိုက်မှု ဖြစ်လာမည်ဖြစ်သည်။

သို့သော်လည်း ရုံးမှတ်ပုံတင်မှုကို တရုတ်အစိုးရဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီးမှ ပြန်လည်ဖယ်ရှားလိုက်ခြင်းကြောင့် ရှုပ်ထွေးမှုတစ်စုံတစ်ရာ ရှိနေသလောဟု မေးခွန်းထုတ်မှုများပေါ် ထွက်လာခဲ့သည်ဟု New York Times သတင်းစာက ဖော်ပြသည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဈေးကွက်ဖြစ်သော်လည်း Twitter၊ Facebook၊ Youtube ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားသည်။

ယင်းတို့အစား တရုတ်ပြည်တွင်းဖြစ် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များဖြစ်သော Weibo၊ Renren၊YouKu စသည်တို့ကိုသာ သုံးစွဲခွင့်ရသလို တရုတ်အစိုးရ၏ စောင့်ကြည့်ကွပ်ကဲမှုကိုလည်းခံရသည်။

ဖေ့စ်ဘွတ်ခ် ထူထောင်သူမာ့ခ်ဇက် ကာဘာ့ဂ်ျသည် တရုတ်တာဝန်ရှိသူများကို ဆွဲဆောင်နိုင်ရန် နည်းလမ်းမျိုးစုံသုံးကြိုးစားနေပြီး တရုတ်နွယ်ဖွား ဇနီးသည်ကို လက်ထပ်ထားသူ ဇက်ကာဘာ့ဂ်ျသည် တရုတ်မန်ဒရင်းစကားကိုပါ သင်ကြားခဲ့သည်။

ဖေ့စ်ဘွတ်ခ်၏ လုပ်ငန်းခွဲကို တရုတ်တောင်ပိုင်းဟန်ကျိုးတွင် မှတ်ပုံတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၀ ဟု တရုတ်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းမှတ်ပုံတင်သတင်း အချက်အလက် ရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖြုတ်ချသွားခဲ့သည်။

တရုတ်နိုင်ငံတွင် ဖွင့်သည့်ရုံးမှာ ပြင်သစ်၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့တွင် ဖွင့်လှစ်သည့် ရုံးများနည်းတူ လည်ပတ်သွားမည်ဟု ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။

The Voice

0 comments:

Post a Comment