Wednesday, July 25, 2018

ပညာရေးစနစ် အားနည်းခဲ့သဖြင့် မျိုးဆက် နှစ်ဆက် ကံမကောင်းခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာပြည်ရဲ့ ပညာရေးစနစ် အားနည်းခဲ့တဲ့အတွက် ပြည်သူပြည်သားတွေဟာ မျိုးဆက် နှစ်ဆက်လောက် ကံမကောင်းခဲ့ဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တက်ရောက်ပြီး  ထူးချွန်ဝန်ထမ်းတွေနဲ့ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောသွားတာပါ။

“ကျမတို့ရဲ့ ပညာရေးစနစ်က အားနည်းခဲ့တဲ့အခါကျတော့ ကျမတို့ ပြည်သူ ပြည်သားများဟာ မျိုးဆက် နှစ်ဆက်လောက်ဟာ တော်တော်ကို ကံမကောင်းဘူးပေါ့။ အတိတ်ကံမကောင်းဘူးပေါ့။ အဲဒီတော့ အတိတ်ကံ၊ မကောင်းတဲ့ကံကို ပစ္စုပ္ပန်ကံနဲ့ ကျမတို့ ပြန်ပြီးတော့ ကာရမယ်၊ ပြန်ပြီးတော့ ကျော်လွှားရမယ်။ အရင်တုန်းက ပညာရေးစနစ်က အားနည်းခဲ့လို့ မလုပ်တတ်ပါဘူး။ မကိုင်တတ်ပါဘူး ဆိုတာဟာ ဆင်ခြေမဟုတ်ဘူး။ အခုအချိန်မှာ ပိုပြီးကြိုးစားရမယ်။ တကယ်ကြိုးစားချင်ရင် ဖြစ်ပါတယ်။ ဒါပေမယ့် ဝါယမ စိုက်ထုတ်ရမယ်။ အပင်ပန်း နည်းနည်းခံရလိမ့်မယ်။”

မြန်မာနိုင်ငံရဲ့ အားနည်းချက်တခုဟာ ပညာရေးမှာ နိမ့်ကျသွားတဲ့ကိစ္စ ဖြစ်တယ်။ ပညာရေးမှာ နိမ့်ကျသွားတဲ့ကိစ္စဆိုတာ တခြားအရာတွေနဲ့ မတူပါဘူး။ စီးပွားရေးမှာ နိမ့်ကျသွားတယ် ဆိုတာက ပညာရေးမြင့်မားတဲ့၊ ပညာအရည်အချင်း မြင့်မားတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရှိတယ်ဆိုရင် မြန်မြန်ပြန်ပြီးတော့ တည်ဆောက်လို့ရတယ်လို့လည်း ပြောသွားပါတယ်။

ဝန်ထမ်းတွေဟာ ဘယ်လိုပဲ အစိုးရတွေ ပြောင်းလဲ ပြောင်းလဲ ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ ဝန်ထမ်းတွေရဲ့ တည်ကြည်ဖြောင့်မတ်မှုကြောင့် ပြည်သူလူထုကို စိတ်လုံခြုံမှု ပေးစေချင်တယ်။ အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို စံပြဝန်ကြီးဌာန ဖြစ်စေချင်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ နှစ်ပေါင်းများစွာ တိုင်းပြည်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူတဲ့အခါ အေးအေးဆေးဆေးနဲ့ အနားယူနိုင်ဖို့ ဝန်ထမ်းအိမ်ရာတွေ ဦးစားပေး လုပ်သွားချင်တယ်လို့လည်း ပြောပါတယ်။

“ကိုယ့်မှာ ဒီနိုင်ငံအတွက် တာဝန်တွေ ထမ်းဆောင်ပြီးတဲ့အချိန်မှာ ဘယ်သွားရမှန်း မသိ။ ဘယ်နေရမှန်း မသိ။ ဘယ်သားသမီးနဲ့ ကပ်ပြီး နေရမှန်းမသိ။ ဘယ်သွားပြီးတော့ နေစရာရှာရမှန်း မသိတဲ့ ဘဝမျိုး မဖြစ်စေချင်ဘူး။ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီးတဲ့ အချိန်ကာလမှာ အေးအေးဆေးဆေးနဲ့ ကိုယ့်ရဲ့ဆန္ဒအရပေါ့။ လောကီအလုပ်ပဲဖြစ်ဖြစ်။ လောကုတ္တရာ အလုပ်ပဲဖြစ်ဖြစ် ဆက်ပြီးတော့ လုပ်နိုင်မယ့်အနေအထား ရှိစေချင်တယ်။ ဒါကြောင့်မို့ ကျမတို့က ဝန်ထမ်းအိမ်ရာတွေကို အင်မတန်မှ ဦးစားပေးတယ်။ ဦးစားပေးတယ် ဆိုတာဟာ ရေတိုမဟုတ်ပါဘူး။ ရေတိုဝန်ထမ်းကောင်းတွေ ရဖို့တင် မဟုတ်ဘူး။ ရေရှည်မှာ နိုင်ငံပေါ်မှာ တာဝန်ကျေသွားတဲ့ ဝန်ထမ်းအနေနဲ့ စိတ်အေးလက်အေးနဲ့ နေသွားဖို့ဖြစ်ပါတယ်။”

နိုင်ငံ့အတွက် လုပ်နေရတဲ့အချိန်ဟာ အင်မတန်မှ အဓိကကျတဲ့အချိန် ဖြစ်တယ်။ နောင်မျိုးဆက်သစ်တွေအတွက် နိုင်ငံရဲ့ သမိုင်းရဲ့ နောက်ခြေလှမ်းအတွက် လမ်းခင်းနေတာ ဖြစ်တယ်၊ ဒီအခွင့်အရေးဆိုတာဟာ မျိုးဆက်တိုင်း ရတာ မဟုတ်ပါ ဘူး။ လုပ်ချင်ပါတယ် ဆိုလို့လည်း လုပ်လို့ရမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံရုံးက ထူးချွန်တဲ့ ဝန်ထမ်းတွေနဲ့ ပညာရေးထူးချွန်တဲ့ ဝန်ထမ်းသားသမီးတွေကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သလို တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်စရိတ် ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ-State Counsellor
DVB

0 comments:

Post a Comment