Sunday, July 22, 2018

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီတည်ထောင်မည်

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီတည်ထောင်ရန် ဆောင်ရွက်နေကြောင်း ယင်းအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန် ပြောကြားချက်အရ သိရသည်။
အဆိုပါအသင်းမှ အများပိုင်ကုမ္ပဏီတည်ထောင်ကာ ခရီးသွားလုပ်ငန်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် တိုင်းရင်းသားအများတည်ထောင်ထားသည့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍ ၄ ခုကို အဓိကထားကာ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ “အခုမှ အသင်းဖွဲ့ခွင့်ရှိတယ်။ တစ်နှစ်လောက်အတွင်းမှာတော့ အများပိုင် ကုမ္ပဏီကို ဖွဲ့နိုင်မယ်လို့ ယူဆပါတယ်။ လောလောဆယ်ဒီ ၄ မျိုးလောက်ပဲ စဉ်းစားထားပါတယ်။ နောက်ထပ်လုပ်ငန်းတွေကတော့ တဖြည်းဖြည်း တိုးချဲ့သွားဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးမင်းဗညားစန်က ပြောသည်။ တိုင်းရင်းသားဒေသရှိ နေထိုင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ယင်းဒေသများတွင် တိုင်းရင်းသား လုပ်ငန်းရှင်အမြောက်အမြားပေါ်ပေါက်လာရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် တိုင်းရင်းသားလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သည့် ငွေကြေးအထောက်အပံ့များကိုနိုင် ငံတော်အစိုးရ ပြည်တွင်းဘဏ်များနှင့် ပြည်ပနိုင်ငံများ စသည်ဖြင့် ချိတ်ဆက်ပြီးကူညီရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ “တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးလုပ်ဖို့၊ တိုင်းရင်းသားလုပ်ငန်းရှင်များစွာ ပေါ်ပေါက်ဖို့ လိုတယ်။ အခုကနည်းနေသေးတယ်။ အသင်းအနေနဲ့ လုပ်ငန်းရှင်တွေကို ဘာလုပ်ငန်းလုပ်ချင်လဲပေါ့။ အဲဒီပေါ်မှာမူတည်ပြီး လုပ်ငန်းရှင်တွေနဲ့ စုပေါင်းပြီးတော့ ဆက်လက်အကောင်အထည်ဖော်သွားဖို့ရှိပါတယ်” ဟု ဦးမင်းဗညားစန်က ဆက်ပြောသည်။ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှလည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်ရန် ကူညီထောက်ပံ့နေ အဖွဲ့အစည်း တစ်ခုအဖြစ် ရေရှည်တည်တံ့စေရန်၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန်နှင့် တိုင်းရင်းသားဒေသရှိလူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိထိရောက်ရောက် ကူညီရန်၊ လက်ရှိလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန်၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ကူညီရန်၊ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးရန်၊ မိမိတို့ဒေသထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment