Wednesday, July 25, 2018

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းအတွင်း ဆည်ကိုးခု သတ်မှတ်ရေပမာဏထက် ကျော်လွန်နေပြီး ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ဘုရားကြီး-ဘောနက်ကြီးဇောင်းတူလမ်း ရေကြီးနစ်မြုပ်


ပဲခူးတိုင်းဒေသကြီးအတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ဇူလိုင် ၂၅ ရက် တိုင်းတာချက်များအရ ဆည်ကိုးခုမှာ သတ်မှတ်ရေ ပမာဏထက်ကျော်လွန်နေပြီး ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ် ဘုရားကြီး-ဘောနက်ကြီး-ဇောင်းတူ လမ်းပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင်တွင် အုတ်တွင်းမြို့ရှိ မင်းရဲဆည်နှင့် ဖြူးမြို့ရှိ ငမြွေရေထိန်းတမံတို့မှာ သတ်မှတ်ပေထက်ကျော်လွန်နေပြီး ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းပြည်ခရိုင်တွင်ပေါက်ခေါင်းမြို့ရှိ တောင်န၀င်းဆည်၊ ပေါင်းတည်မြို့ရှိ ၀ဲကြီးဆည်၊ ပန်းတောင်းမြို့ရှိ ညောင်ကိုင်းဆည်နှင့် ခ၀ါဆည်၊ သာယာဝတီခရိုင်တွင် နတ်တလင်းမြို့ရှိ တောင်ညိုဆည်၊ လက်ပံတန်းမြို့ရှိ သဲတောဆည်၊ မင်းလှမြို့ရှိ မုက္ခာဆည်တို့မှာ သတ်မှတ်ပေထက် ရေမျက်နှာပြင်များ မြင့်တက်နေကြောင်း သိရသည်။

“ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ဆည်ကိုးခု သတ်မှတ်ပေထက် ရေမျက်နှာပြင် ကျော်လွန်နေတယ်ဆိုတာ ဟုတ်ပါတယ်။ နေ့တိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ သတ်မှတ်ရေကျော်တဲ့ ဆည်မြောင်းတွေကိုလည်း Online က ထုတ်ပြန်ကြော်ငြာပေးနေပါတယ်။ ပဲခူးတိုင်းမှာတော့ အရှေ့ခြမ်းမှာမင်းရဲဆည်နဲ့ ငမြွေဆည်တို့ ကျော်လွန်နေပြီး အနောက်ခြမ်းမှာတော့ ဆည်ခုနစ် ခုစုစုပေါင်း ကိုးခုပါ။ ဆည်မြောင်းပညာရပ်အရ ရေပိုလွှဲကနေ ရေကျော်တယ်ဆိုတာက ကန်ရဲ့ သိုလှောင်နိုင်မှု ပမာဏထက် များလာတာပါ။ စိုးရိမ်စရာ အခြေအနေ ဖြစ်လာရင်တော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆည်အောက်ဘက်မှာ ရွာတွေမှာရှိတဲ့ ဒေသခံတွေကို သတိပေးတာတွေ အရေးပေါ်ကူညီမှုတွေ လုပ်သွားမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးမြစ် ရေမြင့်တက်လာပြီး ပဲခူးမြို့အတွင်းရေကြီး ရေလျှံမှုများဖြစ်ပေါ်နေပြီး ယခုအခါပဲခူးမြို့နယ်အတွင်းရှိ ဘုရားကြီးဘောနက်ကြီး ဇောင်းတူကားလမ်းမိုင်တိုင် ၁၆ အဆိပ်တောင် ရွာအနီးတွင် ပဲခူးမြစ်ရေ ဖုံးလွှမ်းမှုများကြောင့် ခရီးသွားများအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

“အခုရက်မှစပြီး ဒီလမ်းမြုပ်တာ။ ဒီလမ်းတစ်လျှောက်ရွာတွေက ဈေးဝယ်ရင် ပဲခူးနဲ့ ဘုရားကြီးမြို့တွေ တက်ဝယ်ရတာ ဒီလိုလမ်းတွေ ရေမြုပ်တော့ သွားရေးလာရေး အခက်အခဲတွေတော့ ရှိတာပေါ့။ ကားလေးတွေတော့ မသွားသင့်တော့ဘူး။ အန္တရာယ်များပါတယ်။ ရေစီးကလည်းကြမ်းတယ်” ဟု အဆိပ်တောင်ရွာသားတစ်ဦးက ပြောကြားသည်။

ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် ဇူလိုင် ၂၅ ရက် တိုင်းထွာချက်များအရ ၈၇၀ စင်တီမီတာကျော်ရောက်ရှိလာ၍ စိုးရိမ်ရေအမှတ် ၈၈၀ သို့ရောက်ရှိရန် နီးစပ်လာကြောင်းသိရပြီး ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များပါ ရေကြီးနစ်မြုပ်နေကြောင်း သိရသည်။

မောင်အေး
Eleven Media Group

0 comments:

Post a Comment