Sunday, July 22, 2018

ကယားဝန်ကြီးချုပ် ပြောဆိုမှု မေးမြန်းစုံစမ်းမည်ဟု မုံရွာအောင်ရှင်ပြော

ဗိုလ်ချုပ်ရုပ်တုကိစ္စ ကယားပြည်နယ်ဝန်ကြီးချုပ် ပြောဆိုမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မေးမြန်းစုံစမ်းတာတွေ လုပ်ရလိမ့်မယ်လို့ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးက ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မျိုးမှာ ဗိုလ်ချုပ်ရုပ်တုထားရေးမှာ ဆူပူမှုတွေဖြစ်လာရင် တပ်မတော်ကို အာဏာလွှဲပြီး ကိုင်တွယ်ခိုင်းမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်ဖောင်ရှိုက ဇူလိုင် ၁၆ ရက်နေ့က ပြည်နယ်အစိုးရအရာရှိတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နီလူငယ်အဖွဲတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။ ပြည်သူလူထု ထောက်ခံမှုနဲ့ တပ်လာတဲ့ အစိုးရအကြီးအကဲတဦး ပြည်သူတွေကို တပ်မတော်နဲ့ ခြိမ်းခြောက်တဲ့သဘောမျိုး ပြောဆိုခဲ့တာမျိုး မလုပ်သင့်ဘူးဆိုပြီး ဝေဖန်တာတွေ ရှိနေပါတယ်။ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးကော်မတီက အသေးစိတ်မသိရှိရသေးပေမယ့် ဒီလိုကိစ္စမျိုး မဖြစ်သင့်ဘူးလို့ အဲဒီကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။ “ဖြစ်နိုင်တဲ့တချက်က ဘာလဲဆိုတော့ ဒီပြဿနာကို ကျနော်တို့က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ခေါ်ပြီးတော့ မေးမြန်းစုံစမ်းတာမျိုးတွေ လုပ်ရလိမ့်မယ်။ ပြဿနာ ဖြစ်လာခဲ့ရင် ပါတီ စည်းကမ်းထိန်းသိမ်းရေးတို့၊ ပါတီမှာ တာဝန်ရှိတဲ့သူတွေကနေ ခေါ်ပြီးတော့ စုံစမ်းစစ်ဆေးမှု လုပ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာရှိတဲ့ ရင်ကြားစေ့ရေးပေါ့ ဗျာ။ အထူးသဖြင့်တော့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှုအပေါ်မှာ ကျနော်တို့က လောလောဆယ် ၂၁ ရာစု ပင်လုံနဲ့ လုပ်နေကြတဲ့ ကာလမှာ ဒါမျိုးဖြစ်တာမျိုး ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါမူအရ ပြောတာ။ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သို့သော်လည်း တကယ်ပြောခဲ့လား မပြောခဲ့ဘူးလား တကယ် ဟုတ်သလား မဟုတ်သလားဆိုတာကိုတော့ ဒါကတော့ ကာယကံရှင်တွေပဲ သိနိုင်ပါတယ်” လို့ ပြောပါတယ်။ ပြည်သူတွေရဲ့ဆန္ဒအရ ထားရှိတာတွေကို ပါတီအနေနဲ့ပဲ ဖြစ်ဖြစ် အစိုးရတာဝန်ရှိသူတွေအရ ဝန်းရံတာတွေသာ လုပ်ဆောင်ပေးခဲ့တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အရေးကြီးတဲ့နေရာတွေမှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ ပြောဆိုနေထိုင်မှုတွေကအစ အလွန်သတိထားရမယ်လို့လည်း ဆိုပါတယ်။ မုံရွာအောင်ရှင်က “ပြောရရင်တော့ ဒီကနေ့ကာလဟာ ပါတီက ၂ နှစ်ကျော် ၃ နှစ်ထဲ တောင် ၀င်လာပြီ။ ဝင်လာပေမယ့် ပြည်သူလူထုရဲ့ ကျေနပ် နှစ်သိမ့်မှု အပြည့်အ၀ မရရှိသေးတဲ့ ကာလပဲ။ အဲလို ကာလမျိုးမှာ အထူးသဖြင့် ပွတ်တိုက်မှုတွေ များတဲ့ကာလပေါ့။ အထိမခံတဲ့ ကာလမျိုးမှာတော့ တော်တော်ကို သတိထားပြီးတော့ ပြောကြဖို့၊ နေကြဖို့ အလုပ်အကိုင်လုပ်ကြ ဖို့ တော်တော်အရေးကြီးပါတယ်” လို့ ဆိုပါတယ်။ အဲဒီဆွေးနွေးပွဲမှာရှိနေတဲ့ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌကတော့ ဝန်ကြီးချုပ်အနေနဲ့ တပ်မတော်ကို ထိန်းသိမ်းခိုင်းမယ်လို့ပြောတဲ့အချိန်မှာ မပြောသင့်ကြောင်းပြောဆိုခဲ့သလို ဒီလိုပြောဆိုမှုက အမျိုးသားရင်ကြားစေ့ရေး ကိုထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ “စစ်တပ်နဲ့ထပ်ခြိမ်းခြောက်တာက လုံးဝမလုပ်သင့်ဘူး။ စစ်တပ်သည်သူနေရာနဲ့သူ ရှိသင့်တယ်။ စစ်တန်းလျားမှာရှိသင့်တယ်။ စစ်တပ်နိုင်ငံရေး သော်လည်းကောင်း စစ်တပ်အုပ်ချုပ်ရေးသော်လည်းကောင်း သူကို မက်လုံးပေးတာတို့ သူ့ကို PR လို ဖိတ်ခေါ်တာမျိုးမဖြစ်သင့်တဲ့အချိန်မျိုးမှာ တက်နိုင်သလောက် အရပ်သားအစိုးရအနေနဲ့ ထိန်းကြောင်းသင့်တဲ့အခြေနေမျိုးမှာ ဝန်ကြီးချုပ်က အတင်းဖိတ်ခေါ်တယ်၊ ခြိမ်းခြောက်တယ် ဆိုတာမျိုးက အင်မတန်မှ ရှုတ်ချဖွယ်ကောင်းတယ်၊ ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပဲ” လို့ ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ကိုမေးမြန်းဖို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ မနက်ဖြန် ကယားပြည်နယ်အစိုးရရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိရေးအတွက် ကရင်နီလူငယ်တွေနဲ့ ပြည်နယ်အစိုးရတို့ ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပေမယ့် အခုထိ အဆင်မပြေသေးပါဘူး။ ကြေးရုပ်စိုက်ထူဖို့ ကန့်ကွက်ခဲ့ကြတဲ့ လူငယ် ၂၃ ယောက်ကိုလည်း တရားစွဲဆို ထားပါတယ်။ DVB


0 comments:

Post a Comment