Sunday, July 29, 2018

ပိုင်ဖြိုးသုကို ရန်ကုန်တိုင်း ကျန်းမာရေး သံတမန်အဖြစ် အစိုးရခန့်


ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာ တိုးတက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးသံတမန်အဖြစ် MRTV-4 မှ အစီအစဉ်တင်ဆက်သူ ဒေါက်တာစိုးညီညီထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုတို့ကို ခန့်အပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
“အနုပညာလောကက လူထုအပေါ် ဩဇာ အရှိန်အဝါ ကြီးမားတယ်။ သူတို့ရဲ့အားကိုယူပြီးတော့ ခန့်အပ်တာပါ။ ဆရာဝန်လည်းဖြစ်တယ်။ ပရဟိတစိတ်လည်း အပြည့်အဝ ရှိတဲ့သူတွေလည်း ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သံတမန်များအနေနှင့် ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ မိခင်မျိုးဆက်ပွားနှင့် ကလေးကျန်းမာရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဆယ်ကျော်သက်လူငယ် ကျန်းမာဖွံ့ဖြိုးရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ မကူးစက်နိုင်သော ရောဂါများ၊ ကူးစက်ရောဂါများ၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများနှင့် သဘာဝ ဘေးအန္တရာယ် စသည်တို့သည် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“လူထုရဲ့ကျန်းမာရေး တိုးတက်မှု ဆိုတဲ့နေရာမှာ ကုသမှုအပြင် သူတို့ရဲ့ ကျန်းမာရေး အသိပညာ မြှင့်တင်ဖို့လည်း လိုအပ်တဲ့နေရာမှာ ကျွန်တော်တို့က အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သံတမန်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးညီညီထွန်းက ပြောကြားသည်။

ကျန်းမာရေး သံတမန်များကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နာဂတိုင်းရင်းသူ မော်လ်ဒယ်လ်၊ ရုပ်ရှင်သရုပ်ဆောင် မာရီကိုးလ်အားလည်းကောင်း၊ ရှမ်းပြည်နယ်အတွက် ရှမ်းတိုင်းရင်းသူ Miss Golden Land Myanmar အလှမယ် နန်းမွေခမ်းအားလည်းကောင်း ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment