Monday, July 30, 2018

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တင်သွင်းထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့ဝေဖန်


သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှတင်သွင်းထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ယနေ့တွင် ကြေညာသည်။

ယင်းဥပဒေနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးစဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့က ဥပဒေကြမ်းအား ထောက်ပြဝေဖန်မှုအချို့ပြုလုပ်ခဲ့ကြသဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် နှင့် လျှော်ညီသော ဂုဏ်အင်္ဂါသတ်မှတ်ချက်မျိုး မပါရှိကြောင်း၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရှင်များသည် ယင်းအချက်များအား တမင်ချန်ရစ်ခဲ့သည်လား သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျှော့ ကျန်ရစ်ခဲ့ခြင်းလားဟု ဝေဖန်ထောက်ပြခဲ့သည်။

ယင်းအပြင် ၎င်းက အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်၏ဂုဏ်အင်္ဂါ သတ်မှတ်ချက်၊ဒုတိယပါမောက္ခချုပ်များ၏ ဂုဏ်အင်္ဂါသတ်မှတ်ချက်များ နှင့် စပ်လျဉ်း၍ပါဝေဖန်ခဲ့သေးသည်။

ပါမောက္ခချုပ်၏ ဂုဏ်အင်္ဂါ သတ်မှတ်ချက်၊ဒုတိယပါမောက္ခချုပ်(သင်ကြား)၏ ဂုဏ်အင်္ဂါ သတ်မှတ်ချက်တွင် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်ရမည်ဟု ဖော်ပြထားရာ ယင်းအစား ပါဌိဘာသာ နှင့် အင်္ဂလိပ်ဘာသာ အပြန်အလှန်ကျွမ်းကျင်ရမည်ဟု ပြင်ဆင်ထည့်သွင်းလိုကြောင်း၊ယင်းအား ခရစ်ယန်ဘာသာမှ သာသနာပြုများ၏ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုတို့ နှင့် သာဓက ပေးပြီး ပြောဆိုခဲ့ပြီး၊ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့သည် ပါဌိဘာသာ နှင့် အင်္ဂလိပ်ဘာသာ အပြန်အလှန်ကျွမ်းကျင်မှ ရမည်ဟု ၎င်းက ပြောသည်။

ဒုတိယပါမောက္ခချုပ်(စီမံ)၏ ဂုဏ်အင်္ဂါ သတ်မှတ်ချက်တွင်လည်း ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များမှာ အင်မတန်နည်းနေသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်ပြောခဲ့သည်။

''ကိုယ့်လိုချင်တဲ့ လူကိုထည့်သွင်းဖို့အတွက် အရည်အချင်းတွေ လျှော့လျှော့ ပေါ့ပေါ့ ထည့်ထားတယ်လို့ မြင်ရပါတယ်''ဟု ဦးကျော်နိုင်ကပြောသည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် ပတ်သတ်၍ အရည်အချင်း သတ်မှတ်ချက်မှာ နည်းနေပြီး နိုင်ငံသားဖြစ်မှုနှင့် ပညာအရည်အချင်းများမပါဟု ဦးကျော်နိုင်က ထောက်ပြဝေဖန်ခဲ့သည်။

ဥပဒေကြမ်းအား ဆွေးနွေးကြသူများထဲ ပါဝင်ခဲ့သူ မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၅ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် (သင်ကြား) တို့၏ အရည်အချင်းသတ်မှတ်ချက်မှာ ဟန်ချက်မညီပါဟု ပြောသည်။

ကျင်းပနေဆဲ အမျိုးသားလွှတ်တော်သို့ တင်သွင်းထားသည့် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း ထဲတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၀/၉၈ ဖြင့် ပြဌာန်းထားသော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပယ်ဖျက်ကြောင်း ဆိုသည့် စကားရပ်ပါ ထည့်သွင်းထားသည်ကို တွေ့ရသည်။

ပုံစာ။ ။ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၁၂ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်
Popular News Journal


0 comments:

Post a Comment