Monday, July 30, 2018

မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ ကားလမ်းများ ရေမြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ဆဲဖြစ်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြစ်ရေများ တက်လာသဖြင့် ကားလမ်းများ ရေလွှမ်းမိုးမှုများဖြစ်လာကာ မြန်မာနိုင်ငံ တောင်းပိုင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ယနေ့အထိ ရှိနေဆဲဖြစ်သည်။
ပဲခူးတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဇူလိုင်လ ၂၆ ရက်မှစ၍ သံလွင်၊ စစ်တောင်း၊ ပဲခူး၊ ရွှေကျင်မြစ်ရေများ စိုးရိမ်ရေမှတ် ကျော်လွန်ကာ ကားလမ်းမများ ရေမြုပ်နေသဖြင့် ခရီးသည်တင် ယာဉ်များ ပိတ်မိနေသည်။ ရန်ကုန်-မော်လမြိုင် (မွန်ပြည်နယ်) ဇူလိုင်လ ၂၇ ရက်မှစတင်၍ မွန်ပြည်နယ်တစ်ဝန်း ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်းများ၊ ရထားလမ်းများ ရေကျော်လျက်ရှိပြီး သွားလာမှုအတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများရှိခဲ့သည်။ လက်ရှိ ဘီးလင်းမြို့မှာ ရေဆက်လက်ကြီးမြင့်နေခြင်းကြောင့် လမ်းပိုင်းကို ဇူလိုင် ၂၉ ရက်မှစ၍ ပိတ်ထားလိုက်သည်။ ထို့အပြင် နှင်းပုလဲနှင့် ဒုံဝန်း ဘူတာကြားနှင့် မိုင် ၁၂၀/၅-၆ ကြားရှိ တံတား အမှတ် ၇၄ ၏ ထောင့်တိုင်အမှတ် ၄ ရေစီးဖြင့် မျောပါသွားသဖြင့် ပြုပြင်ချိန်များ ရှိမည်ဖြစ်သောကြောင့် လမ်းပိုင်းရထားပြေးဆွဲမှု ရပ်နားထားမှုမှာ ကြာမြင့်နိုင်မည်ဖြစ်သည်။ ကားလမ်းခရီးစဉ်များအနေနှင့် မုဒုံ-ရန်ကုန်၊ မော်လမြိုင်-ရန်ကုန်၊ သံဖြူဇရပ်-ရန်ကုန်၊ ကျိုက်ခမီ-ရန်ကုန်၊ မြဝတီ-ရန်ကုန်၊ ကျိုက်မရော-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများမှာ မထွက်ဘဲ ရေကျချိန်ကို စောင့်ကြည့်လျက်ရှိသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လာမည့် နှစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိသောကြောင့် မော်တော်ယာဉ်ကြီး/ယာဉ်ငယ်များအား ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ကြေညာထားသည်။ မွန်ပြည်နယ်တွင် နောက်နှစ်ရက်ခန့် မိုးကြီးနိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။ ရန်ကုန်-ဘားအံ (ကရင်) ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေမှာ ဇူလိုင်လ ၂၇ ရက်က စတင်မြင့်တက်လာခဲ့ပြီး ကားလမ်းများ၊ ရထားလမ်းများ ရေကျော်မှုများ ဖြစ်လျက်ရှိရာ လက်ရှိ ဇူလိုင်လ ၂၉ရက်တွင် နံနက်ပိုင်းက သံလွင်မြစ်ရေ ထပ်မံကြီးမြင့်လာခြင်းကြောင့် ဘားအံ-သထုံလမ်းပေါ်မှာ ရေလျှံလျက်ရှိကာ ဘားအံ-မော်လမြိုင် လမ်းတို့မှာ ကားများသွားလာလို့ မရတော့သည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ ဘီးလင်းတွင်လည်း ရေကြီးလျက်ရှိခြင်းကြောင့် ဘားအံ-ရန်ကုန် ခရီးစဉ်သွားသည့် ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးနီးပါးခန့် ရပ်နားထားလျက်ရှိသည်။ လက်ရှိတွင် ကားလမ်းများ ရေကျော်၍ ယာဉ်များ မထွက်ခြင်းကြောင့် ဘားအံဘက်မှ ခရီးသည်များ သွားလာရခက်ခဲလျက်ရှိသည်။ ရန်ကုန်-ထားဝယ် (တနင်္သာရီတိုင်း) တနင်္သာရီတိုင်းအတွင်း မြစ်ရေကြီး ရေလျှံမှုမှာ လက်ရှိအချိန်အထိ ဖြစ်ပေါ်လျက်ရှိပြီး စိုးရိမ်ရေအမှတ် ၁၇ ကျော်လျက်ရှိကာ နောက်နှစ်ရက်ခန့် နေရာကွက်၍ မိုးကြီးနိုင်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ ရေးမြို့တွင်လည်း မိုးဆက်လက် ရွာသွန်းနေခြင်းကြောင့် ကားလမ်း၊ ရထားလမ်းများ ရေကျော်လျက်ရှိသည်။ လက်ရှိတွင် ရန်ကုန်-ရေး-ထားဝယ်ခရီးစဉ်ကို ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများမှာ ရပ်နားထားလျက်ရှိပြီး ယနေ့အထိ ရေပြန်မကျခြင်းကြောင့် ကားလမ်းများပိတ်ဆို့နေ၍ ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည့်ရက်ကို ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိပေ။ ပဲခူးတိုင်းဒေသကြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ် ရှိ လမ်းမကြီးများတစ်လျှောက်တွင် ရေကျော်မှုများရှိနေပြီး ရွှေသာလျောင်းဘုရား၊ မြသာလျောင်းဘုရား တည်ရှိရာ ပဲခူးမြို့ပေါ်ရှိ ကလျာဏီရပ်ကွက် အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နစ်မြုပ်လျက်ရှိကာ သွားလာရေးခက်ခဲနေသည်။ ရထားလမ်းအနေနှင့်လည်း ရန်ကုန်-ပဲခူး ရထားသံလမ်း ခုနစ်လက်မခန့် ရေကျော်နေသဖြင့် လမ်းများ ဆက်လက်ပိတ်ဆို့ထားသည်။ သို့သော် ကားလမ်းတစ်လျှောက်တွင် ခရီးစဉ်လမ်းပိုင်းအချို့ ယာဉ်လိုင်းပြေးဆွဲမှု ရှိနေသည်။ ရန်ကုန်မှပဲခူး ပြေးဆွဲသည့် ယာဉ်များရှိသော်လည်း ဈေးနှုန်းပိုပေး၍ ခရီးသည်များ စီးနင်းနေရသည့် အခြေအနေတွင် ရှိသည်။ လက်ရှိ တောင်ငူမှတစ်ဆင့် ရွှေကျင်ကို ဆက်လက်ပြေးဆွဲသည့်ယာဉ်များမှာ လမ်းမပေါ် ရေကျော်နေခြင်းကြောင့် မထွက်နိုင်ဘဲ ခရီးသည်များ အခက်အခဲ ဖြစ်နေသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း နောက်နှစ်ရက်ခန့် နေရာကွက်၍ မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသဖြင့် လမ်းပိုင်းပြန်လည်ပွင့်နိုင်ခြေ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ The Voice

0 comments:

Post a Comment