Tuesday, July 31, 2018

ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧက ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီး

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးစပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးနစ်မြုပ်မှုကို အများဆုံး ခံစားခဲ့ရခြင်းဖြစ်ပြီး မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ နှမ်း၊ ပဲစင်းငုံ၊ ကြံနှင့် အခြား ဟင်းသီးဟင်းရွက် စိုက်ဧကများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ “ရေကြီးနစ်မြုပ်တဲ့ ဧကခုနစ်သိန်းခွဲကျော်ထဲမှာ လုံးဝ ပျက်စီးသွားတာက ဧက သုံးသိန်းကျော်ရှိတယ်။ ပျက်စီးတာက မိုးစပါးနဲ့ အခြားသီးနှံတွေဆိုတော့ အချိန်မီတော့ ပြန်စိုက်လို့ရပါတယ်။ မိုးစပါးက အောက်တိုဘာလအထိ စိုက်လို့ရတယ်ဆိုတော့ ပြန်စိုက်လို့မီပါတယ်”ဟု ၎င်းကပြောဆိုသည်။ ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧက ခုနစ်သိန်းကျော်နှင့်ပတ်သက်၍ လက်ရှိတွင် စိုက်ဧကပေါင်း ခြောက်သောင်းကျော်ကို ပြန်လည်ပြုပြင် စိုက်ပျိုးထားပြီးဖြစ်ကာ ပျက်စီးဆုံးရှုံးသည့် စိုက်ဧကစာရင်းများသည် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကောက်ခံထားသည့် စာရင်းများဖြစ်ပြီး ရေကြီးနစ်မြုပ်ဒေသများတွင် ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။ စိုက်ဧကများ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် ပျက်စီးဆုံးရှုံးသည့် စိုက်ဧကများ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့် အခြား ဆက်စပ်ကိရိယာများ ဖြန့်ဝေပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ ယခုနှစ် မိုးစပါးရာသီတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးစပါး စိုက်ဧကပေါင်း ၁၅ ဒသမ ၂၉ သန်း စိုက်ပျိုးရန်လျာထားပြီး ဇွန်လကုန်ပိုင်းအထိ ဧကသုံးသန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။ The Voice


0 comments:

Post a Comment