Monday, July 23, 2018

မြ၀တီမြို့နယ်တွင် သောင်ရင်းမြစ်ရေနှင့် တောင်ကျချောင်းရေ လွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ ၂၂၀၀ ကျော်အား ကယ်ဆယ်ထားရ


မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်နှင့် တောင်ကျချောင်းရေများပြားခြင်းကြောင့် မြ၀တီမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေအိမ်များ၊ ပတ်ဝန်းကျင်ကျေးရွာများ ရေလွှမ်းမိုးမှုခံရကာ ရေဘေးသင့်ပြည်သူ ၂၂၀၀ ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ကာ ကယ်ဆယ်ရေးလုပ်ဆောင်ထားရကြောင်း သိရသည်။


မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေသည် ဇူလိုင်၂၀ ရက် ည ၇ နာရီခန့်ကတည်းက မြင့်တက်လာခဲ့ကာ အနိမ့်ပိုင်းရပ်ကွက်နေသူ  ၅၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းသုံးခုဖွင့် လှစ်စောင့်ရှောက်ထားခဲ့ပြီး ဇူလိုင်၂၁ ရက် ညပိုင်းတွင် မြစ်ရေအနည်းငယ် လျော့ကျခဲ့သော်လည်း မဲ့ပလေ့ချောင်းတောင်ကျရေနှင့် သောင်ရင်းမြစ်ရေသို့ပေါင်းဆုံကာ ရေပူကျေးရွာ၊ မဲ့ပလဲ့အပါအင် ကျေးရွာရှစ်ရွာခန့် ရေနစ်မြုပ်သွားခဲ့ကြောင်း၊ရေပူ၊ ချောင်းဆုံမဲ့ပလဲ့ ကော့ကော်၊ စပလိုက်၊ ထီလောထ၊ ထိဝါပလော့၊ နဒီစသည့် ကျေးရွာများအိမ်ခြေ ၃၀၀ ကျော်ရေနစ်မြုပ်ကာ မြို့ပေါ်နှင့်ကျေးရွာများ အပါအ၀င် လူဦးရေ ၂၂၀၀ ကျော်ကို ရေဘေးကယ်ဆယ်ရေး စခန်း ၁၁ခု ဖွင့်လှစ်ကယ်ဆယ် စောင့်ရှောက်ရေး လုပ်ဆောင်ထားရကြောင်း သိရသည်။

မြ၀တီစည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေက “မနေ့ကထက်စာရင် ပြန်တက်လာပါတယ်။ ဒီနှစ်ဝါထပ်တဲ့အတွက် ရေကြီးနိုင်တဲ့ အနေအထားရှိပြီး ရှေ့လမတိုင် ခင်ကတည်းက စည်ပင်သာယာရေးကော်မတီ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေမြောင်းတွေ၊ နေရာတွေကအစပေါ့။ ခုဆိုရင် တပ်၊ ရဲ၊ BGF၊ မီးသတ်၊ ကြက်ခြေနီ၊ အုပ်ချုပ်ရေးပိုင်း၊ လူမှုကယ်ဆယ်ရေးအသင်းတွေ အားလုံးနေ့ည မနားကူညီကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်” ဟု ဇူလိုင် ၂၂ ရက် ညနေက ဆိုသည်။

ထို့အတူ ကူညီကယ်ဆယ်ရေးလိုက်ပါ ဆောင်ရွက်နေသူ အဖြူရောင်မီးအိမ်လူမှုရေး အသင်းမှ ကိုမန်းစိုးသီဟက “ရေတက်တာ ဖြည်းဖြည်းချင်းဖြစ်တဲ့အတွက် ပြောင်းရွှေ့ လို့ရတယ်၊ မီတယ်ပေါ့။ လူနဲ့တိရစ္ဆာန်တွေကအစ ထိခိုက်မှုမရှိပါဘူး။ အဓိကအခက်အခဲ ဖြစ်တာကတော့ သွားလာရေးပါပဲ။ ၀င်းခနဲ့ ချောင်းဆုံကတော့ စားနပ်ရိက္ခာပြတ်နေတယ်။ ဦးစိုးနောင်တို့အဖွဲ့ကတော့ စားနပ်ရိက္ခာတွေ ပို့ပေးနေပါတယ်။ အရင်နှစ်တွေကလည်း ရေကြီးပါတယ်။ ဒီနှစ် မဲ့ပလေ့ချောင်း တောင်ကျရေလျှံလာတော့ ပိုပြီးနစ်မြုပ်ပါတယ်။ ဒီရေပူဘက်မှာ ရေတိုင်နေရင်တော့ မြ၀တီဘက်မှာ ပိုသတိထားရပါမယ်” ဟု ပြောကြားသည်။

ရေပူကျေးရွာ၌ နေသူတစ်ဦးကလည်း ကျေးရွာချင်းဆက်လမ်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ ရေနစ်မြုပ်နေခြင်းကြောင့် ချောင်းဆုံ၊ ၀င်းခ၊ သဲပုံ၊ နဒီရန်လင်းမြိုင်ရွာများမှာ စက်လှေနှစ်စင်းဖြင့် ဆောင်ရွက်နေရကြောင်း ပြောကြားသည်။

မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ကျွန်းတောဈေး၊ ကိုးန၀င်းကျောင်းတိုက်ဓမ္မာရုံ၊ ဖားခြောက်ကောင်ကျောင်း ဓမ္မာရုံ၊ ရေပူဘုန်း ကြီးကျောင်း ၊ ရေပူအ.လ.ကကျောင်း၊ အမှတ် ၄ ရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၊ ကျောက်ဖျာဆွမ်းလောင်းဓမ္မာရုံ၊ သာသနာ့ ဝေပုလကျောင်း၊ ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊ မဲ့ပလေ့ စာသင်ကျောင်း၊ ကော့ကော်ဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်။

ကိုရွှေသိန်း
Eleven Media Group

0 comments:

Post a Comment