Sunday, July 22, 2018

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပစွက်ဖက်မှု မရှိစေရေး အမေရိကန် ပြင်ဆင်


အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ လေးလတောင် မကျန်တော့တဲ့အချိန်မှာ အမေရိကန် အရာရှိတွေဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှား စွက်ဖက်ခဲ့တာမျိုးလို ပြည်ပစွက်ဖက်မှုတွေ မရှိအောင် ပြင်ဆင်နေပါတယ်။


လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပြီး မဲဆန္ဒရှင်တွေဘက်ကလည်း သူတို့ရဲ့မဲတွေ အခရာကျစေချင်ကြပါတယ်။

ဒါပေမယ့် ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေဘက်က အတိအလင်း ပြောဆိုထားလို့ ဒီအခြေအနေဟာ တိုက်ခိုက်ခံနေရတယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန် ဥပဒေပြု လွှတ်ေတာ်အမတ်တွေက ဒါကို တန်ပြန်မဟာဗျူဟာအနေနဲ့ ပိတ်ဆို့မှုတွေကို ပထမဆုံး လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်က “ရုရှားအနေနဲ့ တာဝန်ခံမှုရှိလာအောင် ကျနော်တို့ ပိတ်ဆို့မှုတွေ အတည်ပြုပေးလိုက်ပါပြီ။ ဒီလိုထပ်လုပ်ရင် ပြေးစရာမြေ မရှိဘူးလို့ ကျနော်တို့ အဓိကပြောလိုတာပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန် မဲဆန္ဒရှင်တွေဟာ လွှတ်တော်အမတ်တွေကိုပဲ ဆက်မဲပေးတာ၊ တခြားတယောက်ကို ရွေးတာမျိုးလုပ်ပြီး သမ္မတရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ကြတော့မှာပါ။

ဒုတိယဗျူဟာကတော့ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထောင်စုရန်ပုံငွေကို သုံးစွဲတာ ဖြစ်ပါတယ်။

ဒီမိုကရက်လွှတ်တော်အမတ် စတန်နီ ဟိုယာက “ဒီပြင်ဆင်မှုဟာ ရုရှားရဲ့စွက်ဖက်မှုကို ပိတ်ပစ်နိုင်ဖို့ ကျနော်တို့ ပြည်နယ်တွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ ရွေးကောက်ပွဲ ပေါင်းစည်းနိုင်ဖို့ ထောက်ပံ့ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန် တရားရေးဌာနကလည်း ရွေးကောက်ပွဲမှာ ပြည်ပစွက်ဖက်မှုကို သတိပေးနေပြီး မဲဆန္ဒရှင်တွေ နိုးနိုးကြားကြားရှိဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်နယ် ၂၁ ခုဟာ ပြည်ပစွက်ဖက်မှုရဲ့ပစ်မှတ် ဖြစ်ခဲ့တယ်လို့ ဒုတိယရှေ့နေချုပ် ရော့စ် ရိုစတာစတိန်းက ပြောထားပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတထရမ့်အနေနဲ့ ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထူးလုပ်ငန်းအဖွဲ့ကို မတွေ့ဆုံတာနဲ့ ဆိုက်ဘာလုံခြုံရေး အကြီးအကဲ ပြန်မခန့်အပ်တာတွေကို လေ့လာသုံးသပ်သူတွေက ထောက်ပြထားပါတယ်။


DVB

0 comments:

Post a Comment