Friday, July 20, 2018

တောဝက်လေးများဘောလုံးအသင်း ဆေးရုံကဆင်း၊ အံ့ဖွယ်ဖြစ်ရပ်ဆန်းကြီးနှင့်ကြုံခဲ့ရဟု မှတ်ချက်ပေး


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသရှိ ဂူတွင်းပိတ်မိနေခဲ့သောကြောင့် ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးပညာရှင်များက ခဲရာခဲဆစ်ကယ်ထုတ်ပေးခဲ့ရသော ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြတို့သည် ဗုဒ္ဓဟူးနေ့တွင် ဆေးရုံမှဆင်းခဲ့ကြပြီး ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် တွေ့ဆုံခဲ့ကြကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြသည်။ 

တောဝက်လေးများဟုခေါ်သော ဘောလုံးအသင်းမှ အဆိုပါကလေးငယ်များနှင့် နည်းပြဖြစ်သူတို့သည် ဆေးရုံမှဆင်းပြီးနောက် အများပြည်သူနှင့်တွေ့ဆုံရန် ရည်ရွယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ ပြုံးပျော်ရွှင်စွာ ရောက်ရှိလာကြသည်။ 

အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ်ကြားတွင်ရှိသော ယင်းကလေးငယ် ၁၂ ဦးသည် သတင်းစာရှင်းလင်းပွဲ မစတင်မီ သတ်မှတ်ထားသောနေရာ၌ ဘောလုံးလေ့ကျင့်ကစားပြခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲ၌ သတ်မှတ်ထားသောထိုင်ခုံများတွင် ဝင်ထိုင်ခဲ့ကြသည်။ 

“သတင်းမီဒီယာတွေအနေနဲ့ သူတို့လေးတွေကို မေးခွန်းတွေမေးနိုင်ပါတယ်၊ ဒါပြီးရင် သူတို့လေးတွေဟာ အရင်ကလိုပဲ ပုံမှန်ဘဝမှာ ပြန်လည်နေထိုင်သွားကြတော့မှာ ဖြစ်ပါတယ်”ဟု ထိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိချုပ် ဆူဆန်းကီဝူကွန်းနတ်က ပြောကြားသည်။ သတင်းစာရှင်းလင်းပွဲကို ၄၅ မိနစ်တာကြာမျှ ပြုလုပ်ခဲ့ပြီး ရုပ်သံချန်နယ်လိုင်းအတော်များများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။ 

“ဒါဟာတကယ့်ကို အံ့ဖွယ်ဖြစ်ရပ်ဆန်းတစ်ခုပါ။ လူတွေစကားပြောကြတယ်၊ အသံကို သေချာနားထောင်နေတယ်ဆိုတာ ကျွန်တော်တို့ကြားတယ်။ ကျွန်တော်တို့နဲ့ ပထမဆုံးတွေ့တဲ့သူတွေကို ထိုင်းလူမျိုးတွေလို့ ထင်နေခဲ့တာ၊ နောက်တော့မှ သူတို့ဟာ နိုင်ငံခြားသားတွေမှန်း သိလိုက်ရတာ။ ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူး၊ ဟယ်လိုလို့ပဲ ပြောလိုက်တယ်”ဟု အသက် ၁၄ နှစ်အရွယ်ရှိဒူဆမ်က ပြောကြားသည်။ 

ဘောလုံးနည်းပြဖြစ်သူအသက် ၂၅ နှစ်အရွယ်ရှိ အီကာပူးချန်တာဝမ်က ၎င်းတို့သည် ဂူထဲသို့ဝင်သွားစဉ် စားစရာ အစားအစာတစ်ခုတလေမျှ ယူဆောင်သွားခြင်းမရှိကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ ဂူထဲကနေ တူးထွက်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေ ရောက်လာတဲ့အထိ စောင့်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ကြလို့ပါ။ အပေါက်တွေဖြစ်အောင်တူးတယ်၊ ထွက်ပေါက်တွေ တွေ့အောင်။ မောလာတဲ့အခါနားကြတယ်၊ ဗိုက်ဖြည့်ဖို့အတွက် သောက်ရေတွေကို သိမ်းထားခဲ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

မီဒီယာများ၏ ဖော်ပြချက်တွင် ကလေးငယ်များသည် ဆံပင်ခပ်တိုတို ညှပ်ထားပြီး ဂူတွင်းမှလွတ်မြောက်လာခဲ့သည့်အချိန်မှစ၍ ခန္ဓာကိုယ်အလေးချိန် ၆ ပေါင်ကျော်ကျော် တက်လာခဲ့သည်ဟု ဆိုသည်။ 

ဆရာဝန်များ၏အဆိုအရ ၎င်းတို့အားလုံးသည် ယခုအခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာရေးကောင်းမွန်မှုရှိသည်ဟု သိရသည်။ 

The Voice

0 comments:

Post a Comment