Friday, July 20, 2018

ကလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ပိုတိုးလာ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ၂ဝ၁၈ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ အရင်လတွေကထက် အရေအတွက် ပိုတိုးလာတယ်လို့ ကလေးမြို့မ ရဲစခန်း တာဝန်ရှိ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

“အခုဇူလိုင်လက မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဖမ်းမိတာများတယ်။ ခု ရက် ၂ဝ အတွင်းကို အမှု ၂ဝ ရှိနေပြီ။ အရင်လတွေဆို တစ်လလုံးမှ ပျမ်းမျှ ၁ဝ မှု လောက်ပဲမိတာ”လို့ တာဝန်ကျရဲဝန်ထမ်းက ပြောပါတယ်။

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မူးယစ်ရဲတပ်ဖွဲ့၊ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ခရိုင် ဒုစရိုက်နှိမ်နှင်းရေးအကူတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေပြီး ယခုလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ဘိန်းမဲ တစ်မှုသာ ရှိခဲ့ကာ ကျန်တဲ့အမှုတွေကတော့ ဘိန်းဖြူနဲ့ ဆေးပြား အမှုတွေပဲ ဖြစ်ပါတယ်။

ကလေးမြို့ခံ ဦးခင်မောင်မြင့်က“ခုက ပြောင်းလဲလိုက်တဲ့ လူမှုပြစ်ဒဏ်ဆိုတာကို အားကိုးနဲ့ ဖမ်းမိလည်း ဘာမှ မဖြစ်ပါဘူးဆိုပြီး လုပ်ကြတာ။ တကယ်တော့ ဥပဒေက ဖမ်းမိပြီဆိုတာနဲ့ လက်ဝယ်ကိုင်ဆောင်မှုပါ တခါထဲပါတော့ ထောင်ကျနိုင်တာပဲ ဆိုတာ မသိကြဘူး။ ဒါကို နားလည်သင့်တယ်။ ဘိန်းဆိုတာထက် ဆေးပြားတွေကို သုံးတာဟာ ပိုဆိုးဝါးတယ်” လို့ ပြောပါတယ်။

၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေ ၂ဝ ရက်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်မှု ၂ဝ မှု ရှိနေပြီဖြစ်ပြီး အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦး အရေးယူတရားစွဲဆိုထားကာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်
DVB

0 comments:

Post a Comment