Wednesday, July 25, 2018

အင်းလေးကန်အတွင်း ဟိုတယ်ဆောက်လုပ်မည်ကို ကန့်ကွက်


ပြည်တွင်းပြည်ပခရီးသွား အများအပြားလာရောက်လည်ပတ်လေ့ရှိသည့် အင်းလေးကန်တွင် Myanmar Naing Goup ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ကာ ဒေသခံများထံမှ ကန့်ကွက်လက်မှတ် ကောက်ယူမည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာတွင် မြေဧက ၉၀ ကို Myanmar Naing Goup ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးပြုခွင့်ရရှိရေးအတွက် အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်လွှာပုံစံ (၄)ဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီထံသို့ လျှောက်ထားလာခြင်းအပေါ် ကန့်ကွက်နိုင်ရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ပြီးနောက် အင်းလေးဒေသခံများက ကန့်ကွက်လာခြင်းဖြစ်သည်။

“ဒီဟိုတယ်ဆောက်မှာကို ကန့်ကွက်တဲ့လက်မှတ်တွေကို အင်းလေးတစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး ပါဝင်အောင် လုပ်သွားမှာပါ။ ဩဂုတ်လ ၁ ရက်နေ့ကို ကန့်ကွက်လွှာတင်မှာပါ”ဟု ဦးခင်မောင်လတ်က ပြောဆိုသည်။

အဆိုပါ ဟိုတယ်ဆောက်လုပ်ရန် လျှောက်ထားမှု ကန့်ကွက်ကြောင်း လက်မှတ်များကို အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒေသခံများ ပါဝင်လက်မှတ်ထိုးနိုင်ရန် ဇူလိုင်လ ၂၆ ရက် နေ့မှစ၍ လှုံ့ဆော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အင်းလေးကန် ရေရှည်တည်တံ့ဖို့ လုပ်မယ်ဆိုရင် ဟိုတယ်တွေ တိုးချဲ့ မဆောက်လုပ်သင့်တော့ဘူး။ ကျွန်တော်တို့ ဒေသခံတွေဘက်က ရပ်တည်သွားမယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်ထွေးကဆိုသည်။

ယင်းဟိုတယ်ဆောက်လုပ်ရန်အတွက် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဧရိယာမှ ပယ်ဖျက်ခွင့်ကို အစိုးရထံမှ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ကတည်းကရရှိထားပြီး လက်ရှိပြဋ္ဌာန်းထားသော မြေလွတ်မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိရေး ဥပဒေအရ ပြန်လည် လျှောက်ထားခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ဟိုတယ်ဆောက်လုပ်ခြင်းသည် သဘာဝနှုန်းထိန်း၊ သဘာဝရေထိန်း၊ သဘာဝရေစစ်ကျွန်းရိုင်းတော၊ ကိုင်းတောဖြစ်ခြင်း၊ အင်းလေးကန် ဇီဝအဝန်းအဝိုင်း၏ အရေးကြီးသော သားငှက်များ ပုန်းအောင်း နေထိုင်ရာ ဘေးမဲ့တောဘေးမဲ့နယ်မြေဖြစ်ခြင်း၊ သဘာဝရေထွက်မှ ဒေသခံကျေးရွာ လူထုများ၏ သောက်သုံးရေချိုရရှိရာ နေရာဖြစ်ခြင်းအပါအဝင် ကာလကြာရှည်စွာ ထိန်းသိမ်းလာခဲ့သော သဘာဝဘေးမဲ့ ထိန်းသိမ်းရေး နယ်မြေဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း Save The Inle Lake အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ယခင်အစိုးရလက်ထက်က အင်းလေးကန်ဘေးမဲ့တော ဧရိယာအတွင်း ဟိုတယ် ၁၆ လုံးကို ဘေးမဲ့တောဧရိယာအတွင်းမှ ပယ်ဖျက်ခွင့်ပေးထားပြီး ဟိုတယ် ၁၈ လုံးကိုမူ အင်းလေးကန်ဘေးမဲ့တော ဧရိယာအတွင်း နှစ်ရှည်မြေငှားစနစ်ဖြင့် ခွင့်ပြုထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment