Wednesday, July 25, 2018

မြန်မာ့စီးပွားရေး ကျပ်တည်းနေသည်ဟု ပြောနေကြသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှုန်းအားဖြင့်တက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုတိယ၀န်ကြီး ပြောကြား


မြန်မာနိုင်ငံတွင် စီးပွားရေး ကျပ်တည်းနေသည်ဟု ပြောနေကြသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှုန်းအားဖြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နေပြည်တော်၌ ဇူလိုင် ၂၅ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ခေတ္တနားချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဆိုတာ ရှိတယ်။ အဲဒီနှုန်း (Indicator) နဲ့ တိုင်းရတာပဲလေ။ ပြီးခဲ့တဲ့နှစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၈။ ကျွန်တော်တို့ ၂၀၁၇-၂၀၁၈ ကုန်တဲ့အချိန်မှာ ရခဲ့တယ်။ စီးပွားရေး တိုးတက်မှုနှုန်းကတော့ နှုန်းအားဖြင့် တက်နေတယ်။ ဒါပေမဲ့ ပြင်ပမှာ စီးပွားရေး လည်ပတ်နေတဲ့ အပေါ်မှာတော့ လည်ပတ်နေတဲ့နေရာမှာ အထစ်အငေါ့တွေ ရှိနေတဲ့အတွက်ကြောင့် ကျပ်တယ်လို့ ပြောနေကြတာပါ” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထို့ပြင် ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနများနှင့် ပုံမှန်တွေ့ဆုံမှုများပြုလုပ်၍ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အခြားသော ပြည်ပအခြေအနေ၊ ပြည်တွင်းအခြေအနေများကို မပြတ်လေ့လာ သုံးသပ်ပြီး လိုအပ်ပါက အခြားသော ၀န်ကြီးဌာနများအပြင် UMFCCI တို့ဖြင့် ပေါင်းစပ်ပြီး လုပ်ဆောင်နေကြောင်း၊ စီးပွားရေး အတက်အကျကြမ်းခြင်းသည် ကောင်းမွန်သည့် အခြေအနေ မဟုတ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

စိုးမင်းထိုက်၊ စည်သူ
Eleven Media Group

0 comments:

Post a Comment