Wednesday, July 25, 2018

လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် ရာမောင်မြစ်ဖြတ်ဇက်သင်္ဘောပြေးဆွဲခြင်း ရပ်နားထားပြီး မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဒေသမှ ကျေးရွာများ ရေလွှမ်း


လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် ရာမောင်မြစ်အား ဖြတ်ကူးပေးသည့် ဇက်သင်္ဘောပြေးဆွဲခြင်းကို ရပ်နားထားရပြီး ပန်းမြောင်းကြီးချောင်းဒေသမှ ကျေးရွာများ ရေလွှမ်းမိုးမှုကို ခံစားနေရကြောင်း သိရသည်။

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိရာ မောင်မြစ်အား ကူးတို့ကူးပေးသည့် ဇက်သင်္ဘောကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ပြေးဆွဲခြင်း ရပ်နားထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေဘက်မှ ရန်ကုန်သွားသည့်ကားများ ရာမောင်ကြိုးတံတားအနီးတွင် ရပ်တန့်နေရကြောင်းနှင့် လေးမြို့မြစ်ရေမှာ ဆက်လက် မြင့်တက်လာနေကြောင်း သိရသည်။

ရာမောင်ဇက်သင်္ဘောဆိပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်ဇော်ဝင်းက “မိုးက ဆက်ရွာနေပြီး ရာမောင်မြစ်ရေက ဆက်မြင့်တက်နေလို့ ကျွန်တော်တို့ ဒီကနေ့ မနက်ပိုင်းကစလို့ ဇက်သင်္ဘောကို ရပ်ထားရပါတယ်။ ရေကမြင့်လာတဲ့အခါကျတော့ သင်္ဘောပေါ်ကို ကားတွေ အတက်အဆင်းလုပ်ဖို့ အဆင်မပြေတော့လို့ ရပ်ထားတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ကားအတက်အဆင်း အဆင်ပြေအောင် ကျောက်တွေနဲ့ ဆိပ်ကမ်းအသစ်တစ်ခု လုပ်နေပါတယ်။ အခုတော့ စစ်တွေဘက်က ရန်ကုန်သွားမယ့်ကား ၁၀ စီးလောက် ရှိတယ်။ ဒါပေမယ့် ရန်ကုန်ဘက်က ကားတွေတော့ ဒီဘက်ကို မရောက်သေးပါဘူး။ မနေ့ကတည်းက အမ်းဘက်က ကားလမ်းရေကျော်နေလို့ ကားတွေဒီဘက်လာ မရသေးပါဘူး။ ဒီကနေ့ မနက်ပိုင်းဆို ရန်ကုန်ကလာတဲ့ကား တစ်စီးမှ မရေးသေးပါ။ ကျွန်တော်တို့ကတော့ ဇက်ဆိပ်ကို အမြန်ဆုံးလုပ်နေတယ်။ အခုလောလောဆယ်တော့ ကားတွေကူးတာကို ရပ်ထားတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်-စစ်တွေ ကားလမ်းတွင် အမ်းမြို့နယ်အတွင်း ကားလမ်းရေကျော်မှုများ ရှိနေသဖြင့် ရန်ကုန်မှလာသည့်ကားများ ရပ်တန့် စောင့်ဆိုင်းနေရကြောင်းလည်း၊ လက်ရှိတွင် ရာမောင်မြစ်အား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်း မလုပ်နိုင်သဖြင့် စစ်တွေ-အမ်းလမ်းပိုင်း ပြတ်တောက်နေခြင်းဖြစ်ကြောင်း၊ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဒေသမှ ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မိုးဆက်လက် ရွာသွန်းနေသဖြင့် ဆက်လက်ရေမြင့်တက်လာမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း၊ ပန်းမြောင်းကြီးချောင်းဒေသတွင် ရွှေကျန်၊ ပြင်ယောင်း၊ အိုးပျဉ်တောင်၊ ပွေးရကန်ဆိပ်၊ မင်းဖူး စသည့် ကျေးရွာများသည် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကျေးရွာအတွင်းသို့ ရေ၀င်ရောက်နေကြောင်း သိရသည်။

ကားဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန်းချိုက “စစ်တွေဘက်ကို သွားလို့မရသလို စစ်တွေဘက်ကလည်း လာလို့မရဘူး။ မဲလက်မောင်းကျေးရွာအနီးနေရာက အဓိက ပိုဆိုးနေတယ်။ အဲဒီနေရာကို ကားတွေဖြတ်လို့မရဘူး၊ ကားအစီးရာချီ ပိတ်မိနေတယ်။ ကားအကြီးတွေတောင် ဖြတ်လို့မရဘူးဆိုတော့ တောင်ကျရေတွေက များလာတယ်။ ပြီးတော့ ချောင်းတွေတိမ်ကောလာတဲ့အတွက် ရေစီးတာ မမြန်ဘူးဆိုတော့ ပိတ်မိပြီးလမ်းကျော်တာပေါ့။ နောက်ပြီး သစ်တောတွေနည်းတော့ တောင်ကျရေတွေက အရှိန်နဲ့ဆင်းတာပေါ့၊ ရေကျော်တာကတော့ စုစုပေါင်း လေးနေရာလောက် ဆိုးတယ်၊ ဂဲလောင်းဘက်မှာလည်း လမ်းကမပေါ်သေး” ဟု ပြောကြားသည်။

ဇူလိုင် ၂၅ ရက် မြန်မာစံတော်ချိန် ၈ နာရီခွဲ တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြောက်ဦးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီခန့်၌ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဟာရီတောင် မြေပြိုဆင်းသဖြင့် ညောင်ပင်ဝေးရပ်ကွက်ရှိ တောင်အောက်ခြေတွင်ရှိသော လူနေအိမ် သုံးလုံးပျက်စီးသွားကြောင်း၊ နေအိမ်များမှာ တောင်နှင့်ကပ် ရပ်တည်ရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်မြေပြိုဆင်းလာခဲ့ရာ နေအိမ်များ ပြိုပျက်ခြင်းဖြစ်ကြောင်း သိရသည်။

သားရွှေဦး (ကစ္ဆပ)
Eleven Media Group

0 comments:

Post a Comment