Sunday, July 22, 2018

ရန်ကုန်-ဒလ မြစ်ကူးတံတား၏ ပင်မတံတားပုံစံအား အပြီးသတ် အတည်ပြုပြီးဖြစ်၍ ကိုရီးယားအကြံပေးကုမ္ပဏီက တည်ဆောက်မည့် တံတားပုံစံသစ် ရေးဆွဲနေကြောင်း သိရ


ရန်ကုန်-ဒလ မြစ်ကူးတံတား၏ ပင်မတံတားပုံစံအား အပြီးသတ် အတည်ပြုပြီးဖြစ်၍ ကိုရီးယားအကြံပေးကုမ္ပဏီက တည်ဆောက်မည့် တံတားပုံစံသစ် ရေးဆွဲနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားတည် ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာထားရှိရန် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

“အခုကတော့ ပင်မတံတားပုံစံကို ရေလမ်းကင်းလွတ်အမြင့်ပေ ၄၉ မီတာနဲ့ အကျယ် ၃၇၀ မီတာထားရှိဖို့ အပြီးသတ် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကလည်း အတတ်နိုင်ဆုံးဖြစ်နိုင်မယ့် အကျယ်ကို ၃၇၀ အထိ ထားပေးခဲ့တာ ဖြစ်ပါတယ်။ အခု တံတားပုံစံ အပြီးသတ် ညှိနှိုင်းမှုတွေပြီးလို့ ကိုရီးယား Consultant ကုမ္ပဏီက ပင်မတံတားပုံစံအသစ်ကို ရေးဆွဲနေပါတယ်။ ချဉ်းကပ်တံတား ပုံစံတွေက အရင်အတိုင်းပဲ မပြောင်းပါဘူး။ ပင်မတံတားပုံစံသာ ပြောင်းသွားတာပါ။ မကြာခင် တံတားတည်ဆောက်ရေး လုပ်ငန်းစဉ်တွေ စတင်နိုင်တော့မှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောကြားသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံ ညှိနှိုင်းမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အပြီးသတ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တံတားပုံစံအား အပြီးသတ် ညှိနှိုင်းမှုများပြီးဆုံး၍ ကိုရီးယား Consultant ကုမ္ပဏီက ပင်မတံတားပုံစံအသစ် ရေးဆွဲနေကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးမှာ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကိုရီးယားနိုင်ငံမှ ပေးအပ်သည့် ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် အတွက် ဇွန် ၁၇ ရက်က ပြည်သူတစ်ထောင်ကျော် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲကို ဒလမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ တံတားတည်ဆောက်ရန် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိ အချိန်အထိ တည်ဆောက်ခြင်းမရှိခြင်း၊ တံတားတည်ဆောက်ရန် ဆိပ်ကမ်းလုပ်ငန်းရှင်အချို့နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်ဟု ခံစားနေရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် မြို့ခံများက ဆိုသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်ခြင်းမရှိဘဲ ဆိပ်ကမ်းလုပ်ငန်းများအား ထိခိုက်မှုမရှိသည့် တံတား ပုံစံတည်ဆောက်ရန်သာ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၁ ရက်က ရှင်းလင်းပြောကြားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က “ဒလမြစ်ကူးတံတား တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တံတားတည်ဆောက်ရေးအတွက် ၂၀၁၂ ခုနှစ်ကစပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒလတံတားက ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်နေတဲ့ ရေပြင်ဧရိယာကို ကန့်လန့် ဖြတ်ပေါ်ထွက်လာမှာဖြစ်လို့ ပင်လယ်ကူး သင်္ဘောတွေ ၀င်ထွက်သွားလာပြီး ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ ထိခိုက်မှုမရှိသည့် တံတားပုံစံမျိုးကို တည်ဆောက်ဖို့သာ အကြံပြုခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရွှန်းလဲ့ဝင်း
Eleven Media Group


0 comments:

Post a Comment