ရွာမကျေးရွာနေ ဦးကျော်ငြိမ်းက “ပျက်စီးဆုံးရှုံးတဲ့အထဲက အိမ်ထောင်စုတစုအနေနဲ့ ကျနော် ပါဝင်ပါတယ်။ တရွာလုံးမှာ ဆိုရင် ကျနော့်အိမ်က အများဆုံးလို့ ပြောမယ်ဆိုရင် ပြောလို့ရတာပေါ့။ အဲဒီအထဲမှာ အစိုးရကနေ ထောက်ပံ့ကြေးတွေ ပေးမယ်ဆိုလို့ ဝမ်းသာသလို မျှော်လည်း မျှော်မိတာပေါ့။ တကယ်လည်း ထောက်ပံ့ကြေးပေးရော ကျနော်တို့ အမည်စာရင်းက ပါမလာဘူး။ အဲဒါကို ကျေးရွာဥက္ကဋ္ဌကို မေးကြည့်တော့ ဥက္ကဋ္ဌကလည်း ဒါတော့ ငါ လုံးဝမသိရဘူး မြို့နယ်ကပဲ လုပ်တာလို့ပဲ ပြောပါတယ်”လို့ ပြောပါတယ်။
ဇူလိုင် ၁၈ ရက် ည ၁၀ နာရီခွဲလောက်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ ရွာမကျေးရွာက နေအိမ် ၈၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းနဲ့ ထောက်ပံ့ငွေကို ဇူလိုင် ၂၁ ရက်က နေအိမ် ၅၈ လုံးကို ထောက်ပံ့ငွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သွားရောက်ပေးအပ်ခဲ့ ပါတယ်။
ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က “အမှန်တိုင်း ပြောပြတာ ကိုယ်တိုင် ဒီစာရင်း ၈၇ ဦး လုပ်သော်လည်း တကယ်တမ်းထောက်ပံ့ကြေးငွေပေးမယ်ဆိုတဲ့ အခန်းကဏ္ဍမှာလည်း ဘယ်လိုပေးမယ်ဆိုတာ မသိဘူး။ သူတို့က ဒီလိုပေးမယ်၊ စာရွက်စာတမ်းနဲ့လာမှ အသံချဲ့စက်နဲ့ ခေါ်ပေးလိုက်ရတာ။ ကျနော်အပိုင်းကတော့ ၈၇ ဦးလုံး တင်ထားတာ။ အိမ်မကြီးပဲ ပေးမယ် ဆိုရင်လည်း အိမ်မကြီးပဲ ပေးလိုက်၊ ပြဿနာ မရှိဘူး။ ခုက အဖီလန်တဲ့လူတွေလည်း ဆယ်ဦး၊ ကိုးဦး ပါနေတဲ့အတွက် အိမ်မကြီးပဲ ပေးတယ်။ အဖီလန်တာ မပေးဘူးဆိုရင် ဟိုအိမ်က အဖီလန်တာ ဘာကြောင့်ရပြီး တို့ကျေတာ့ ဘာကြောင့်မရလဲ ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတာ အဲဒီအတွက် ကျနော့်မှာ ဖြေရှင်းရတာ တအားခက်ခဲနေတယ်”လို့ ပြောပါတယ်။
ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက “သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာရင် ရပ်ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကနေ ကျေရွာကို အသိပေးပြီး စာရင်းကောက်ယူတာ၊ အဲဒီစာရင်းပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ သဘာဝဘေးဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ ပေးပို့တဲ့အခါမှာ သက်ဆိုင်ရာ သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာ ကျေးရွာကို ပြန်ပြီးဖြန့်ပေးခဲ့တာ ဖြစ်ပါတယ်။ နေအိမ်ပြိုတယ်ဆိုရင် ရရှိပါတယ်၊ အမိုးလန်တာဆိုရင် အမိုးလန်တဲ့စရိတ် ရရှိပါတယ်။ အဖီမှာ အမိုးလန်ပါတယ် ပြောရင်တော့ သက်ဆိုင်ရာ ဌာနများက မပေးဘူး။ နောက်ပြီး နွားတင်းကုပ် ဆိုရင်လည်း မပေးဘူး။ ဒါကြောင့် ၈၇ လုံး ဆိုသော်လည်း လုပ်ထုံးလုပ်နည်းနဲ့ ညီတာ သတ်မှတ်ချက်နဲ့ညီတာ ၅၈ လုံးဘဲ ညီတဲ့အတွက် သဘာဝဘေးအန္တရာယ်က ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
အိမ်ပြို သစ်ပင်ပိ ၆ လုံးအတွက် ထောက်ပံငွေ တအိမ်ကို ကျပ် ၁ သိန်း၊ အိမ်တခြမ်းပြို တလုံး ၅ သောင်းကျပ်နဲ့ အိမ်အမိုးလန်သွားတဲ့ ၅၁ လုံးကို တအိမ်ကို ၃ သောင်းကျပ်စီ အိမ်ပြုပြင်စရိတ် ထောက်ပံ့ပေးခဲ့ပါတယ်။
အိမ်ပြို ၃ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်၊ သစ်ပင်ပိ၊ တခြမ်းပြို ၅၅ အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ထောင်စု ၅၈ စု လူဦးရေ ၂၇၁ ဦးအတွက် ဆန်ဖိုး ထောက်ပံ့ငွေ လူတဦးကို တပတ်စာ ဆန်ရိက္ခာ ၂၁၀၀ ကျပ်နဲ့ အားလုံး ၅၆၉၁၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ၂၇၄၉၁၀၀ ကို ပေးအပ်ခဲ့တယ်လို့ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။
ကိုလင်း(ချောက်)
DVB
0 comments:
Post a Comment