Monday, July 23, 2018

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ကယားပြည်နယ် အစိုးရ ဆောင်ရွက်တော့မည်မဟုတ်ဟု ဝန်ကြီးချုပ်ပြော ရုပ်တုဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီး ပြည်သူများက ဆောင်ရွက်လိုပါက ကူညီမည်ဟုဆို


ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ပြည်နယ်အစိုးရ အဖွဲ့က ရှေ့ဆက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်းနှင့် အစိုးရ၏ရုပ်တုဖြစ်မြောက် ရေးကော်မတီကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယမန်နေ့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်း အပေါ် အစိုးရနှင့်ကန့်ကွက်သူများ အကြား တင်းမာမှုဖြစ်ပေါ်နေချိန် တွင် ကယားပြည်နယ်အစိုးရအဖွဲ့ က လွိုင်ကော်မြို့တွင် ဇူလိုင် ၂၃ ရက်၌ သတင်းစာရှင်းလင်းပွဲပြု လုပ်ရာ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ထို့အပြင် ပြည်နယ်အတွင်း ရှိ ပြည်သူများ ဗိုလ်ချုပ်ရုပ်တုဖြစ် မြောက်ရေး ကော်မတီဖွဲ့ကာ ဆက်လက်ဆောင်ရွက်လာပါက အစိုးရအဖွဲ့ အနေဖြင့် လိုအပ် သည့် အကူအညီများ ပေးအပ် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

‘‘အစိုးရက ဦးစီးပြီးတော့မှ မလုပ်တော့ဘူး။ ကော်မတီကို ဖျက်သိမ်းလိုက်ပြီ။ ပြည်သူက လိုလိုလားလားဖြစ်ချင်ရင် အစိုးရ အနေနဲ့ ဝန်းရံပေးရမယ်။ ပံ့ပိုးပေး ရမယ်။ အစိုးရအနေနဲ့ နောက် ဆက်လုပ်မယ့်အခြေအနေဆိုတာ အဲဒါပဲ’’ဟု ဝန်ကြီးချုပ်က ပြော ကြားသည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်တုစိုက်ထူ ရန် စီစဉ်ခြင်းသည် ၂၀၂၀ ရွေး ကောက်ပွဲအတွက် နိုင်ငံရေးအ မြတ်ထုတ်ရန် မဟုတ်ဘဲ အများစု သဘောဆန္ဒအရ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို အသိအမှတ်ပြု ထားရှိလိုခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
ပြည်နယ်အစိုးရ ဆုံးဖြတ် ချက်နှင့်ပတ်သက်၍ ကန္တရဝတီ လူမှုကယ်ဆယ်ရေးအသင်း ဒု ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းက ‘‘ပဋိပက္ခဖြစ်စေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တာ မကောင်းဘူး။ ညှိနှိုင်းအဖြေရှာလို့ သဘောတူ ညီမှုရမှသာ ခုနက ပြောသလို နှစ်ဦးနှစ်ဖက် ပြေလည်တဲ့အခါ လုပ်တာကောင်းပါတယ်’’ဟု မှတ် ချက်ပြုသည်။

ထို့အပြင် ကန့်ကွက်မှု၌ ဦးဆောင်ပါဝင်သည့် လူငယ်များ အနေဖြင့် ဥပဒေနှင့် မညီညွတ် သည့် ဝါဒဖြန့်စာရွက်များ ဖြန့်ဝေ ခြင်း၊ ကြေညာချက်များထုတ်ပြန် ခြင်းနှင့် ဇူလိုင် ၃ ရက်က ပြုလုပ် ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကို ငြိမ်းစုစီဥပဒေနှင့်အညီ တင်ပြရန် ညှိနှိုင်းဆောင်ရွက်သော်လည်း ယင်း လူငယ်အင်အားစုများက ဥပဒေ နှင့်မညီညွတ်သည့် လုပ်ဆောင် ခြင်းများကြောင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်ဝင်းက ပြော သည်။ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူခြင်းကို ကန့် ကွက်ခဲ့သည့် ဒေသခံလူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများက လည်း သတင်းစာရှင်းလင်းပွဲကို ယနေ့(ဇူလိုင် ၂၄ရက်) တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။
7Day



0 comments:

Post a Comment