Sunday, August 19, 2018

အမျိုးသမီး သန့်စင်ခန်းအတွင်း ဗီဒီယိုခိုးရိုက်သူကို မိန်းကလေးများ ဝိုင်းဖမ်း

ဗဟန်းမြို့နယ် မြန်မာပလာဇာ မြေညီထပ်ရှိ အမျိုးသမီးသန့်စင်ခန်းတွင် လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံဗီဒီယို မှတ်တမ်းများ ခိုးယူရိုက်ကူးနေသည့် အသက် ၁၉ နှစ်ရှိ အမျိုးသားတစ်ဦးကို မိန်းကလေးများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖမ်းမိသူ ကျော်မင်းခန့်မှာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင်နေသူဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်၊ ည ၁၁ နာရီခန့်က မြန်မာပလာဇာမြေညီထပ်ရှိ အမျိုးသမီးသန့်စင်ခန်းထဲတွင် ၎င်း၏လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းခိုးယူရိုက်ကူးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“မိန်းကလေး အိမ်သာထဲ ခိုးဝင်ပြီး ဖုန်းနဲ့ ဓာတ်ပုံ ဗီဒီယိုတွေ ရိုက်ယူထားတာကို အိမ်သာထဲဝင်တဲ့ မိန်းကလေးတွေက ဖမ်းမိခဲ့တာ။ သန့်စင်ခန်းမှာရှိတဲ့ဝန်ထမ်းက သူ့အထက်လူကြီးကို သွားအကြောင်းကြားခဲ့တယ်။ ဖမ်းမိထားသူရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးကြည့်တော့ ဒီလူ ခိုးယူရိုက်ကူးထားတဲ့ ပုံတွေ သူ့ဖုန်းထဲမှာ တွေ့ခဲ့ရတယ်”ဟု ရဲအရာရှိက ပြောသည်။

အမျိုးသမီးသုံး သန့်စင်ခန်းအတွင်း ဝင်ရောက်၍ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများ ခိုးယူရိုက်ကူးခဲ့သည့် အမျိုးသားကို အမှုဖွင့် အရေးယူပေးရန် မြန်မာပလာဇာရှိ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က တရားလိုပြုတိုင်ကြားချက်အရ ဩဂုတ်လ ၁၉ ရက်တွင် ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၅၄/၅၀၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment