Sunday, August 19, 2018

မကွေးရှိ စည်းကမ်းမလိုက်နာသည့် ရေသန့်စက်ရုံများ စက်ရုံပိတ်သိမ်းရမည်

မကွေးတိုင်းအတွင်းရှိ မြို့နယ်များအတွင်း လုပ်ကိုင်နေသည့် ရေသန့်စက်ရုံများအနေနှင့် အစိုးရကချမှတ်ထားသည့် စက်ရုံစီမံခန့်ခွဲမှုအဓိကအချက် ၃ ချက်ကို မလိုက်နာပါက စက်ရုံပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာ ပြည့်ထူးအောင်က ပြောကြားသည်။
သတ်မှတ်ထားသည့် အချက် ၃ ချက်မှ ရေသန့်စက်ရုံများ၏ တည်နေရာ အကျယ်အဝန်း အဆောက်အအုံ ဖွဲ့စည်းမှုပုံစံသည် အခြားလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်ခြင်း မရှိရ၊ အဆောက်အအုံ၏ အပေါ်ထပ်များတွင် လူနေထိုင်ခြင်း မရှိရ၊ ရေသန့်စက်ရုံ၏ ကောင်းမွန်သည့် စက်ပစ္စည်းများဖြင့် ဓာတုပစ္စည်းများကို ဖယ်ရှားနိုင်ခြင်း၊ မိုက်ခရိုဟုခေါ်သည့် ပိုးမွှားများကို ဖယ်ရှားနိုင်သည့် စက်ပစ္စည်းများ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

“အဓိက နှစ်ပိုင်းရှိတယ်။ စီမံခန့်ခွဲမှုအပိုင်းနဲ့ ဥပဒေကြောင်းအရ အရေးယူတာ ရှိပါတယ်။ ဥပဒေကြောင်းအရ စက်ရုံပိတ်သိမ်းတာ မရှိပါဘူး။ အခုထိပေါ့။ စီမံခန့်ခွဲမှုပိုင်းအရ နှစ်ပတ်ကာလတို ပိတ်သိမ်းဖို့ ပြစ်ဒဏ်ပေးတာကို လုံးဝစက်ရုံ ပိတ်သိမ်းလိုက်ကြတယ်။ ဒီလိုအရေးယူတဲ့ဟာတွေ ရှိခဲ့တယ်။ ၁၃ ရုံလောက်ရှိခဲ့တယ်”ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ယင်းစက်ရုံရှိ ဝန်ထမ်းများသည် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရမည်ဖြစ်ပြီး ၎င်းတို့တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်အိတ်စွပ်ခြင်းနှင့် ခေါင်းစည်းများ ဝတ်ဆင်ရမည်ဖြစ်ကြောင်း ဒေါက်တာ ပြည့်ထူးအောင်က ဆိုသည်။

“စက်ရုံစမတည်ခင်ထဲက FDA ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပြီး စက်ရုံစတည်တာပေါ့။ ရန်ကုန်၊ နေပြည်တော် FDA ဌာနရဲ့ စည်းကမ်းတွေနဲ့ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ့်ဘက်ကတော့ လိုက်နာနိုင်ပါတယ်”ဟု ချောက်မြို့ သစ္စာဝါဒီ သောက်ရေသန့်စက်ရုံပိုင်ရှင် ဦးမြင့်မောင်က ပြောဆိုသည်။

0 comments:

Post a Comment