Thursday, August 16, 2018

ပုဂံသယမ္ဘူဘုရား၏ သံပန်းသံတံခါးဖျက်ဆီးသူကို ရှေးသုအမှုဖွင့်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ် ၁၅၅၄ သယမ္ဘူဘုရား၌ ကာရံထားသည့်သံပန်းကို ဖျက်ဆီးသူများအား အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
ရှေးဟောင်းဘုရားများ၏အတွင်းရှိ နံရံဆေးရေးပန်းချီများကို ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် ဖျက်ဆီးမှုများမပြုလုပ်နိုင်ရန် သံပန်း၊ သံတခါးများ ကာရံထားခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် သံပန်းတံခါးအားဖျက်ဆီးသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“ဒါကမလုပ်သင့်ဘူး။ နံရံပန်းချီဆိုတာကလည်း တန်ဖိုးရှိတဲ့အရာတွေပေါ့။ ရှေးဟောင်းယဉ်ကျးမှု အမွေအနှစ်တွေပါပဲ။ ဒါတွေကို မဖျက်ဆီးသင့်ဘူး။ ဒီလိုတွေဖြစ်မှာစိုးလို့ သော့ခတ်ထိန်းသိမ်းထားတာ။ တကယ်လို့ လေ့လာချင်တာ သုတေသနလုပ်ချင်တဲ့အခါမှာ ကျွန်တော်တို့နဲ့ဆက်သွယ်ဆောင်ရွက်လို့ရှိရင် ကျွန်တော်တို့ဘက်က ကူညီပေးလို့ရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်ကလည်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားအချို့၏ သံပန်းသံတံခါးများ၊ သော့များ ဖျက်ဆီးခံရမှုများ ကြုံခဲ့ဖူးကြောင်း၊ ယင်းသို့ဖျက် ဆီးခံရမှုများကြုံရတိုင်း ဌာနအစီအစဉ်ဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရကြောင်း၊ ယခုတစ်ကြိမ်တွင် ဖျက်ဆီးသူပေါ်လာစေရန် အမှုဖွင့်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံဘုရားများပေါ်မှပြုတ်ကျ၍ အသက်ဆုံးရှုံးမှုဖြစ်စဉ်များ၊ ဘုရားများပေါ်တွင် အဂါရဝဖြစ်စေသည့် အပြုအမူများ၊ အညစ်အကြေးစွန့်ခြင်းများမှ ကာကွယ်ရန်နှင့် နှစ်ပေါင်းရာချီ သက်တမ်းကြာမြင့်နေပြီး သဘာဝဘေးအန္တရာယ် အကြိမ်ကြိမ်ခံထားရသဖြင့် ကြံ့ခိုင်မှုအားနည်းလာခြင်းကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နံရံဆေးရေးပန်းချီများကို ထိန်းသိမ်းနိုင်ရန် လိုဏ်ပါရှိသည့် ဘုရားများ၊ အပေါ်သို့တက်နိုင်သည့် ဘုရားများတွင် ယခုနှစ် ဇန်နဝါရီလခန့်ကတည်းက သံပန်းသံတံခါး တပ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

ဘုရားအမှတ် ၁၅၅၄ သယမ္ဘူဘုရားတွင် ကာရံထားသည့်သံပန်းအား ဖျက်ဆီးသူများကိုအရေးယူနိုင်ရန် ဩဂုတ်လ ၁၃ ရက်နေ့က တိုင်ကြားလာခြင်းအပေါ် (ပ) ၆၇/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၈/၄၂၇ တို့ဖြင့် အမှုဖွင့်ပေးထားပြီး ဖျက်ဆီးသူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေပြီဖြစ်ကြောင်း ပုဂံရဲစခန်းမှ ရဲအုပ်ခင်မောင်ဦးက ပြောကြားသည်။ 

The Voice

0 comments:

Post a Comment