Thursday, August 16, 2018

အီတလီတွင် ဧရာမတံတားကြီးပြိုကျပြီးနောက် အရေးပေါ်အခြေအနေထုတ်ပြန်၊ တံတားကို စီမံခန့်ခွဲသည့်ကုမ္ပဏီအား ယူရိုငွေသန်းနှင့်ချီ၍ ဒဏ်ရိုက်မည်ဟု အစိုးရဆို


အီတလီနိုင်ငံ ဂီနိုအာမြို့တွင် ဧရာမ မိုးပျံတံတားကြီး ပြိုကျမှုကြီးကြောင့် အပြိုအပျက်များအောက်တွင် အသက်ရှင်လျက် ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့က အပူတပြင်းရှာဖွေမှုများပြုလုပ်နေစဉ် အစိုးရက ယင်းဂီနိုအာမြို့ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 
ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် အဆိုပါ တံတားပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာလည်း တိုးမြင့်လာပြီး ယခုအခါ ၃၉ ဦး အထိရှိသွားပြီဖြစ်သည်ဟု အာဏာပိုင်များက ဆိုသည်။ အီတလီဝန်ကြီးချုပ် ဂူဆာပါကွန်တီက ဂီနိုအာမြို့အတွက် အရေးပေါ်အခြေအနေကို ၁၂ လတာသတ်မှတ်မည်ဖြစ်ကြောင်း ကြေညာသည်။ 

အီတလီမီးသတ်တပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှစ၍ ပြိုကျနေသော တံတားအပိုင်းအစကြီးများအောက်တွင် ပိနေနိုင်သူများကို ဆက်တိုက်ရှာဖွေခဲ့ကြသည်။ မိုရန်ဒီတံတားဟု အမည်ရသည့် အဆိုပါတံတားသည် အင်္ဂါနေ့က မိုးသည်းထန်စွာရွာသွန်းစဉ် ပြိုကျခဲ့ရာ တံတားပေါ်တွင်ဖြတ်သန်းမောင်းနှင်နေသော မော်တော်ယာဉ်များမှာ ၄၅ မီတာအမြင့်မှ ပြုတ်ကျခဲ့သည်။ 

တံတားပြိုကျရခြင်း၏ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ အာဏာပိုင်များ၏ ပြောကြားချက်အရ တံတားပြိုကျမှုကြောင့် ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်။ 

အဆိုပါတံတားကို စီမံခန့်ခွဲမှုများပြုလုပ်နေသည့် ကုမ္ပဏီဖြစ်သော Autostrade per I'Italia မှ အကြီးတန်းမန်နေဂျာများအနေနှင့် ရာထူးမှနုတ်ထွက်ပေးရမည်ဖြစ်သည်ဟု အီတလီ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ထုတ်ဖော်အသိပေးသည်။ 

ထို့ပြင် ယင်းကုမ္ပဏီအနေနှင့် ယူရိုငွေသန်းပေါင်းများစွာ ဒဏ်ဆောင်ရမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

Autostrade per I'Italia ကုမ္ပဏီကမူ ၎င်းတို့သည် အဆိုပါတံတားကြီးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တံတားကို ပြုပြင်ထိန်းသိမ်းသည့် အစီအစဉ်များကိုလည်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကပင် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

အီတလီဝန်ကြီးချုပ် ဂူဆာပါကွန်တီက ယခုလိုဖြစ်ရပ်ဆိုးကြီးမျိုးကို ခေတ်မီသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း မည်သို့မျှ လက်သင့်ခံနိုင်စရာမရှိဟု ပြောကြားသည်။ “အီတလီတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံ အဆောက်အအုံတွေအားလုံး နှစ်ခါပြန် စစ်ဆေးဖို့လိုအပ်မယ်။ ဒီလိုမျိုးဖြစ်ရပ်ဆိုးကြီး နောက်ထပ်တစ်ကြိမ် ဖြစ်ခွင့်မပေးနိုင်ဘူး”ဟု မှတ်ချက်ပေးပြောဆိုသွားသည်။ 

အီတလီသယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အုံဆိုင်ရာ ဝန်ကြီး ဒါနီလိုတိုနီလီကမူ အဆိုပါကုမ္ပဏီတွင်ပင် အဓိကတာဝန်ရှိသည်ဟု ပြစ်တင်ပြောဆိုထားသည်။ 

အီတလီ၏ ဘရွတ်ကလင်းတံတားဟုလည်း လူသိများသည့်အဆိုပါ တံတားကြီးကို ရီကာဒိုမိုရန်နီဆိုသူက ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ယင်းတံတားသည် ထိုခေတ်ထိုအခါက ခေတ်အမီဆုံးပုံစံဖြစ်သလို အကောင်းဆုံးဘိလပ်မြေ အမျိုးအစားကို အသုံးပြုကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းတံတားသည် ဂီနိုအာမြို့တွင် လွန်စွာအရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်သလို အီတလီနှင့် ပြင်သစ်တောင်ပိုင်းကမ်းခြေဒေသတို့ ဆက်သွယ်ရေးအတွက်လည်း လွန်စွာအခရာကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားမှ အီတလီသို့ လေးရက်တာခရီးအဖြစ်အလည် အပတ်ရောက်ရှိနေသော ဗြိတိန်လူမျိုး မိသားစုတစ်စုက ၎င်းတို့သည် ငှားရမ်းထားသောကားကို ထားရစ်ကာ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ရကြောင်း BBC သတင်းဌာနသို့ ပြောပြသည်။ 

“အားလုံး အော်ဟစ်ပြီး ထွက်ပြေးကြရတာ”ဟု တံတားပြိုကျချိန်တွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ယင်းမိသားစုဝင်တစ်ဦးက ပြောပြသည်။

The Voice

0 comments:

Post a Comment