Friday, August 10, 2018

ထရမ့်ရဲ့ ဇနီး မယ်လန်နီယာထရမ့်ရဲ့ မိဘတွေ အမေရိကန်နိုင်ငံသားအဖြစ် ကျမ်းဆို

အမေရိကန်သမ္မတ ဇနီး မယ်လန်နီယာထရမ့်ရဲ့ ဆလိုဗေးနီးယား မိဘနှစ်ပါးဟာ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရပါတယ်။
နယူးယောက်မှာ သြဂုတ် ၉ ရက်က ပြုလုပ်တဲ့ နိုင်ငံသားအဖြစ် ခံယူမှု အခမ်းအနားမှာ အမေရိကန်နိုင်ငံသား ခံယူကြောင်းကို သူတို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေ မိုက်ကယ်ဝိုင်းစ်က အတည်ပြုပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယောက္ခမနှစ်ဦးဖြစ်သူ ဗစ်တာနဲ့ အမာလီဂျာတို့ဟာ နိုင်ငံသားအဖြစ် ကျမ်းဆိုခဲ့ကြောင်းလည်း မိုက်ကယ်ဝိုင်းစ်က ပြောပါတယ်။ သူတို့ ဇနီးမောင်နှံကို နိုင်ငံသားဖြစ်ခွင့် ပေးအပ်ရေး လုပ်ငန်းစဉ်ဟာ ဘယ်လောက် အချိန်ကြာခဲ့ကြောင်းကိုတော့ ၎င်းက မပြောပါဘူး။ အသက် ၄၈ နှစ်ရှိ မယ်လန်နီယာက သူ့မိဘတွေ အမြဲတမ်းနေထိုင်ခွင့် ပီအာရ်ရဖို့ ထောက်ပံ့ခဲ့သလားဆိုတာကိုလည်း မိုက်ကယ်ဝိုင်းစ်က ထုတ်ဖော်ပြောဆိုတာ မရှိပါ။ ထရမ့်အနေနဲ့က လူဝင်မှုကြီးကြပ်ရေး ပေါ်လစီမှာ တင်းတင်းမာမာ ရပ်တည်ပြီး အမေရိကန်နိုင်ငံသား ခံယူထားသူတွေဟာ နီးစပ်တဲ့ ဆွေမျိုးတွေကို ပီအာရ်အတွက် အထောက်အပံ့ပေးတာကို ခွင့်ပြုထားတဲ့ အဓိကပေါ်လစီကိုလည်း ဝေဖန်လျက် ရှိတာဖြစ်ပါတယ်။ ဒီပေါ်လစီစနစ်ဟာ အမေရိကန်ကနေ အလုပ်အကိုင်တွေကို ခိုးယူနေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်က ဝေဖန်ထားတာပဲ ဖြစ်ပါတယ်။ Mizzima - News in Burmese

0 comments:

Post a Comment