Wednesday, August 1, 2018

ဆွီဒင် တော်ဝင်မိသားစုပိုင် ရတနာစီခြယ် သရဖူများ ခိုးယူခံရ


ဆွီဒင် တော်ဝင်မိသားစုပိုင်ဆိုင်သော ရတနာစီခြယ်သရဖူများကို သူခိုးတစ်စုက ဖောက်ထွင်းခိုးယူပြီး လွတ်မြောက်သွားကြောင်း သိရသည်။ 

ဇူလိုင် ၃၁ ရက်က သူခိုးများသည် ၁၃ ရာစု စထရန်နက်စ် ဘုရားကျောင်းကြီးအတွင်း ထားရှိသည့် သရဖူ နှစ်ခုနှင့် ဘုရင့် လက်ကိုင် တောင်ဝှေးတို့ကို ယူဆောင်သွားကြခြင်း ဖြစ်သည်။ အဆိုပါ သရဖူများကို နဝမမြောက် ကားလ် ဘုရင်နှင့် ဘုရင်မကြီး ခရစ္စတီးနားတို့ ဆင်မြန်းခဲ့ကြခြင်း ဖြစ်သည်။

အခိုးခံရသည့် ပစ္စည်းများအားလုံး ရွှေပြားများဖြင့် စီခြယ် အလှဆင်ထားပြီး အဖိုးတန် ကျောက်မျက် ရတနာများဖြင့် မွမ်းမံထားသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ သောမတ်စ် အက်ဂ်နီဗစ်ခ်က “ဒါတွေကို တန်ဖိုးဖြတ်ဖို့ ဆိုတာက ခက်ခဲလွန်းပါတယ်။ တန်ဖိုး တွက်ချက်လို့ မလွယ်လောက်အောင်ပါပဲ”ဟု ပြောကြားခဲ့သည်။

၎င်းက သူခိုးများသည် ရတနာ ပစ္စည်းများ ထားရှိရာ ပြတင်းမှန်ကို သတိကြီးစွာ ခွဲထုတ်ပြီး အချက်ပေး စနစ်ကို ဦးစွာ ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။ ထို့နောက်တွင် ပစ္စည်းများကို ခိုးယူကာ မော်တော်ဘုတ်ငယ် တစ်စီးဖြင့် ထွက်ပြေးသွားခြင်းဟု ရဲများက စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။

အက်ဂ်နီဗစ်ခ်က “အခုတော့ အမိုးဖွင့် မော်တော်ဘုတ် အငယ်စားလေးကို လိုက်ရှာနေပါတယ်။ ရထားတဲ့ သတင်း အချက်အလက်တွေက အတော်လေး အားနည်းနေပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ရှိသမျှ အထောက်အထားတွေကို စုဆောင်းပြီး တရားခံတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟုလည်း မှတ်ချက်ပေးသွားခဲ့သည်။

Ref: Time
7Day

0 comments:

Post a Comment