Wednesday, August 1, 2018

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို လွှဲပေးရန် ဗြိတိန်ကို ထိုင်းအစိုးရ တောင်းဆို


ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာကို ပြန်လည် လွှဲပြောင်းပေးရန် ထိုင်းအစိုးရက ဗြိတိန်ကို တောင်းဆိုထားကြောင်း သိရသည်။

ယင်လပ်သည် အစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအမံ တစ်ရပ်တွင် နိုင်ငံဘဏ္ဍာ ပြုန်းတီးမှုများ ရှိခဲ့သည့်အပေါ် မျက်ကွယ်ပြုခဲ့ကြောင်း စွပ်စွဲချက်အတွက် တရားရင်ဆိုင်ခဲ့ရပြီး အပြီးသတ် စီရင်ချက် ချမှတ်မည့် နေ့တွင် ထိုင်းနိုင်ငံမှ တိမ်းရှောင်သွားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် ထိုင်းစစ်အစိုးရ၏ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ယခုအခါ ယင်လပ် ခိုလှုံနေရာ ဗြိတိန်နိုင်ငံ၏ အစိုးရထံ ဆက်သွယ်ပြီး သူမကို လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဇူလိုင် ၃၁ ရက်က အတည်ပြု ပြောကြားခဲ့သည်။

ယင်လပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ကတည်းက ထိုင်းနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပေါ့လျော့ ပျက်ကွက်မှုကြောင့် ထိုင်းပြည်သူ့ဘဏ္ဍာ ဒေါ်လာ ဘီလီယံနှင့်ချီ ဆုံးရှုံး နစ်နာခဲ့ကြောင်း ထိုင်းတရားရုံးချုပ်က စွပ်စွဲထားသည်။ ယင်လပ်ကမူ သူမ အနေဖြင့် မည်သည့် အမှားမျှ ကျူးလွန်မထားဟု ကာကွယ် ငြင်းဆိုထားသည်။ 

ပယာရွတ်သ်က ထိုင်းနှင့် ဗြိတိန်တို့ကြား သဘောတူညီမှု ရယူထားသည့် တရားခံ လွှဲပြောင်းရေး ကတိကဝတ်များနှင့်အညီ ယင်လပ်ကို လွှဲပေးရန် တောင်းဆိုထားခြင်းဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံမှာ ဥပဒေကြောင်းအရ စစ်ဆေး အရေးယူရမယ့် သူတွေကို တခြားနိုင်ငံမှာ သွားဖမ်းလို့ မရပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံ အစိုးရက လွှဲပေးဖို့ တောင်းခံရတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်လပ်နှင့် အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့သည် ထိုင်းတွင် ပြည်သူလူထု ထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိနေဆဲ ပုဂ္ဂိုလ်များ ဖြစ်သည်။ အထူးသဖြင့် သက်ဆင်သည် ထိုင်း၏ ရှုပ်ထွေးလှသော နိုင်ငံရေး မတည်ငြိမ်မှုများ အဓိက ဗဟိုပြုရာ မျက်နှာစာ တစ်ခုအသွင် ရပ်တည်နေသည်။ ၎င်းကို ထောက်ခံသူများမှာ ကျေးလက်နေ လူတန်းစား အများစုဖြစ်ပြီး စစ်အစိုးရကမူ ဆန့်ကျင်ဘက် အင်အားစုအဖြစ် သဘောထား သတ်မှတ်ထားသည်။

Ref: CNA
7Day

0 comments:

Post a Comment