Wednesday, August 22, 2018

ဘင်္ဂါလီ အရေးနှင့်ပတ်သက်၍ တစ်ဖက်စောင်းနင်းဖြစ်သည့် အမြင်များနှင့် အထင်လွဲ နားလည်မှုများရှိနေပြီး ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် အဆိုပါအရာများကို ဦးစွာ ဖယ်ရှားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား


ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ တစ်ဖက်စောင်းနင်းဖြစ်သည့် အမြင်များနှင့် အထင်လွဲ နားလည်မှုများရှိနေပြီး ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် အဆိုပါအရာများကို ဦးစွာဖယ်ရှားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စင်ကာပူနိုင်ငံ SEAS (Institute of South East Asian Studies) တွင် သြဂုတ် ၂၁ ရက်က ပြုလုပ်သော Democratic Transition : Challenges and Way Forward ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက ဒုက္ခသည်ပြန်လည်လက်ခံရေး အစီအစဉ်များက စတင်နေပြီဖြစ်သော်လည်း အဆိုပါဒုက္ခသည်များအပေါ်တွင် လူမှုရေးအဆိုးမြင်မှု (Social Stigma) ရှိနေကြောင်း၊ အဆိုပါဒုက္ခသည်များအား ပြန်လည်လက်ခံရေးအစီအစဉ်များအပြီးတွင် မည်ကဲ့သို့နည်းလမ်းဖြင့် မြန်မာပြည်တိုးတက်ရေးကဏ္ဍ အထွေထွေတွင် ပူးပေါင်းဆောင်ရွက်ရန် အသုံးချမည်နည်းဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“Stigma ဆိုတဲ့စကားလုံးက ဒီမှာသုံးနှုန်းဖို့ သင့်တော်တယ် မထင်ပါဘူး။ ရှိနေတာက တစ်ဖက်စောင်းနင်းအမြင်များနဲ့ အထင်လွဲနားလည်မှုတွေပါ။ ဒါတွေကိုဖယ်ရှားရပါမယ်။ ကျွန်မတို့အားလုံးက ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ကို တိုးတက်ငြိမ်းချမ်းတဲ့ ဒေသတစ်ခုအသွင် ပြောင်းလဲချင်ပါတယ်။ ရခိုင်ပြည်နယ်က မြန်မာပြည်ရဲ့ အလှပဆုံးဒေသတစ်ခုပါ။ ရခိုင်ကို လူနည်းနည်းပဲရောက်ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေအကုန်လုံးက  ရခိုင်ပြည်က ကမ်းခြေတွေက သူတို့အတွက်တော့ တစ်ကမ္ဘာလုံးရဲ့ ကမ်းခြေတွေနဲ့ယှဉ်ကြည့်လိုက်ရင် အလှပဆုံးပဲလို့ ကျွန်မကိုခဏခဏ ပြောဖူးတယ်။ အဲဒီပြည်နယ်တစ်ခုလုံးက တိုးတက်နိုင်ရေးစွမ်းအားများပါတယ်။ သမီးပြောတာမှန်ပါတယ်။ ကျွန်မထင်တာကတော့ သူတို့တွေအကုန်လုံး ကြီးပွားတိုးတက်ရေး စီမံကိန်းတစ်ခုအောက်မှာ သိမ်းသွင်းရမယ်။ သမီးက ဒီမေးခွန်းကိုမေးခဲ့တဲ့အတွက် ကျွန်မ၀မ်းသာပါတယ်။ ဘာလို့လဲဆိုတော့ သမီးကလူငယ်ဖြစ်နေလို့ပဲ။ လူငယ်တွေကပဲ သူတို့ရဲ့မိဘတွေ၊ ဘိုးဘေး အစဉ်အဆက်လက်ထက်ကတည်းကရှိခဲ့ပြီး အပိုင်းပိုင်းခွဲခြားမှုတွေဖြစ်ခဲ့စေတဲ့ တစ်ဖက်စောင်းအမြင်တွေကို ကျော်လွှားနိုင်မှာပါ။ သမီးတို့လူငယ်တွေကို ရခိုင်ပြည်နယ်ကလူတွေ အတူတကွဆောင်ကြဉ်းနိုင်ဖို့ ကျွန်မတို့ရဲ့ ခရီးစဉ်တွေမှာ လိုက်ပါဖို့ ဖိတ်ခေါ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကွဲပြားခြားနားတဲ့ လူမှုအသိုင်းအ၀ိုင်းအများကြီး ရှိပါတယ်။ ကျွန်မအနေနဲ့ ဒီမေးခွန်းဖြေတဲ့ အခွင့်အရေးကို အသုံးချပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေက လူတော်တော်များများ ထင်သလို ရခိုင်တွေနဲ့ မွတ်စလင်တွေပဲ မဟုတ်ပါဘူး။ ဟိန္ဒူတွေ၊ မြိုတွေ၊ သက်တွေ၊ ဒိုင်းနက်တွေ စတဲ့ တိုင်းရင်းသား လူမျိုးစုအသိုင်းအ၀ိုင်းအသေးလေးတွေ အများကြီးရှိပါသေးတယ်။ အထူးမီးမောင်းထိုးပြချင်တာကတော့ အဆိုပါ တိုင်းရင်းသားလူမျိုးစုအသိုင်းအ၀ိုင်း အသေးလေးတွေကိုပါပဲ။ သူတို့ထဲကတချို့ လျင်မြန်စွာ ပျောက်ကွယ်နေကြပါတယ်။ သူတို့ရဲ့လူအရေအတွက်ကို ကြည့်လိုက်ရင် ဂဏန်းလေးလုံးထက် မပိုတော့ပါ ဘူး။ သူတို့တွေက သူတို့ရိုးရာဓလေ့ထုံးစံတွေနဲ့အလိုက် ငြိမ်းချမ်းစွာ သီးသန့်နေထိုင်ကြပြီး  ရှိသမျှဟာလေးတွေနဲ့ ပျော်ရွှင်အောင်နေထိုင်ကြတဲ့ လူမျိုးစုတွေပါ။ သူတို့တွေရဲ့ ရိုးရာဓလေ့ထုံးစံတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကြီးပွားတိုးတက်နိုင်ဖို့အတွက် နိုင်ငံရဲ့အစိတ်အပိုင်းတွေ တိုးတက်ကြီးပွားရေး လုပ်ငန်းစဉ်အောက်မှာ ပါဝင်သလို သူတို့တွေပါဝင်နိုင်အောင် ကျွန်မတို့ အစွမ်းကုန်လုပ်ဆောင်ပေးရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများအား ဖြေရှင်းမှုသည် အရေးပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်ပါ MoU သဘောတူညီမှုများ အပေါ်မူတည်ပြီး ဒုက္ခသည်များပြန်လည်လက်ခံရေး လျင်မြန်စွာပြီးမြောက်ရန် လုပ်ဆောင်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း အဖွဲ့အစည်းက ဦးဆောင်ပြီး ရခိုင်ပြည်နယ် တိုးတက်စေရေးအတွက် ကဏ္ဍအသီးသီးမှ  ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ပွဲသို့ တက်ရောက်လာသူ တစ်ဦးက ရခိုင်ပြည်နယ်သို့ ဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စများနှင့် ပတ်သက်ပြီး ပြဿနာပေါင်းစုံများအား ဖြေရှင်းနိုင်ရန် လက်ရှိမြန်မာအစိုးရ၌ အချိန်ဇယားရှိပါသ လားဆိုသည့်မေးခွန်းအား နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြန်လည်ဖြေကြားရာတွင် “ကျွန်မတို့ဘက်ကနေပဲ အချိန်ဇယားတစ်ခုကို ဆွဲလိုက်ပြီး သတ်မှတ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဘာလို့လဲ ကျွန်မတို့က ဒီလိုသတ်မှတ်ဖို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နေရတာပါ။ အချိန်ဇယားဆိုတာက နှစ်နိုင်ငံ ပူးပေါင်းပြီးမှ သတ်မှတ်လို့ရမှာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒုက္ခသည်တွေကို အရင်ပြန်ပို့ရမှာပါ။ ပြန်ပို့ပေးမှ ကျွန်မတို့ကလက်ခံကြိုလို့ရမှာပေါ့။ ကျွန်မတို့နှစ်နိုင်ငံ သဘောတူညီမှုအချက်တွေထဲမှာ ဒါတွေပါတယ်။ ကျွန်မတို့တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ အချိန်ဇယားတစ်ခုဆိုပြီး သတ်မှတ်လိုက်လို့မရပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေလည်း ဒုက္ခသည်များကို ပြန်ပို့ဖို့အတွက် ဘယ်လောက်အထိ အမြန်ဆုံး ပြီးမြောက်ချင်လဲဆိုတာကို ဆုံးဖြတ်ရမှာပါ။ ကျွန်မတို့အတွက်ကတော့ အရင်နှစ် နိုဝင်ဘာလမှာ သဘောတူညှိခဲ့တဲ့ MoU နဲ့အညီ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဇန်န၀ါရီ ၂၃ ထဲက အဆင်သင့် ဖြစ်နေပြီးသားပါ” ဟု ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် ဒုက္ခသည်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်သွားနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် တခြားအကြီးအကဲများအား မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုဖြင့် ဒုက္ခသည်များပြန်လည် လက်ခံရေးစခန်းများအား လာရောက်ဆန်းစစ်ခဲ့ပြီးဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အရေးပါသက်ရောက်မှုနှင့် ကူညီမှုများအား အလေးထားကြောင်း ဒေါ် အောင်ဆန်းစုကြည် က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment