Monday, August 13, 2018

ရခိုင်ပြည်နယ်အကျပ်အတည်း ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့်ရင်ဆိုင်ရဟု ဝန်ကြီးချုပ်ဟောင်းပြော



ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံတော်အဆင့်က ကိုင်တွယ်ဖြေရှင်းနေရသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည့် အခြေအနေဖြစ်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဦးမောင်မောင်အုန်းက သုံးသပ်ပြောဆိုလိုက်သည်။
ပြည်နယ်အစိုးရအနေနှင် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ထဲထဲဝင်ဝင် ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံတော်အဆင့်က အားလုံးကို တာဝန်ယူဆောင်ရွက်နေရသည့်အတွက် လုပ်ရကိုင်ရခက်ခဲ့သည်ဟု ၎င်းက အကြံပြုခဲ့သည်။
“ရခိုင်အကျပ်အတည်းကို လက်ရှိဖြေရှင်းနေတာက နိုင်ငံတော်အဆင့်ဆိုတော့ တချို့အရာတွေက ပြောလို့မကောင်းဘူး။ ရခိုင်အရေးမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာက နိုင်ငံ ရေးသားကောင်၊ သူမှားသွားရင် သူပြုတ်သွားမယ်။ နောက်တစ်ယောက် တက်လို့ရတယ်။ နိုင်ငံတော်အဆင့်က မှားလို့မရဘူး။ အကုန်လုံးကို ကိုင်ထားရင် မထိရဲ မကိုင်ရဲ ဖြစ်နေတယ်”ဟု ၎င်းက ဆိုလိုက်သည်။

ဩဂုတ်လ ၁၂ ရက် နိုဗိုတယ်ဟိုတယ်တွင် “အကျပ်အတည်းအတွင်းမှ ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
အဆိုပါစကားဝိုင်းတွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ဒေါက်တာ စင်သီယာမောင်၊ ဦးမောင်မောင်အုန်း (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား))၊ ဦးငွေထွန်း (ဉာဏ်ကြီးရှင်ကော်ဖီ ထုတ်လုပ်သူ) ၊ ဒေါက်တာဖြိုးသီဟ (လူငယ်စာရေးဆရာ)၊ ဒေါက်တာ အရှင်ပညောဘာသ၊ မသီတာ (စမ်းချောင်း)၊ မြန်မာသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်၊ ဦးအောင်သူငြိမ်း ISP- Myanmar (ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ) တို့မှ ပါဝင်ဆွေးနွေးခဲ့သည်။
ထို့အပြင် လက်ရှိတွင် ရခိုင်ဒေသခံ၏ သဘောထားဆန္ဒကို အလေးထားရန်၊ နိုင်ငံတကာဖိအား လျှော့ချနိုင်ရန်သာ ဆောင်ရွက်နေရုံဖြင့်မပြီးဘဲ ပြည်နယ်အစိုးရအနေနှင့် တာဝန်ယူ တာဝန်ခံလုပ်ရမည့် ကဏ္ဍများကို နိုင်ငံတော်အဆင့်က တာဝန်ယူလုပ်ဆောင်နေသည့်အတွက် အချို့သော အခက်အခဲများ ကြုံတွေ့နေရသေးကြောင်း ဦးမောင်မောင်အုန်းက ပြောကြားသည်။
လက်ရှိ ရခိုင်ပြည်နယ်မှ ပြန်လာမည့် ဒုက္ခသည်များ လက်ခံရာတွင် ကြံ့ကြာနေမှုသည် ရိုဟင်ဂျာလူမျိုး အခွင့်အရေး တောင်းဆိုမှုနှင့် ခြိမ်းခြောက်ခံရမှု အချက် ၂ ချက်ကြောင့် ပြန်လာရန် ကြံ့ကြာနေကြောင်း၊ ရခိုင်အကျပ်အတည်းတွင် အစိုးရ၊ ပြည်သူလူထုနှင့် နိုင်ငံတကာအဖွဲ့အစည်း သုံးဖွဲ့အကြားတွင် ဟန်ချက်ညီညီ ထိန်းကျောင်းပေးမည့်အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ် လိုအပ်နေကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

The Voice





0 comments:

Post a Comment