Sunday, August 12, 2018

"ကျပ်ငွေတန်ဖိုးတက်ရန် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသို့ ဗဟိုဘဏ် ဒေါ်လာထုတ်ချေးမည်"

ကျပ်ငွေတန်ဖိုးတက်စေရန် နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်ရထားသည့် ပုဂ္ဂလိကဘဏ်များအား အမေရိကန်ဒေါ်လာများထုတ်ချေးပေးရန် ဗဟိုဘဏ်က စီစဉ်နေကြောင်းဗဟိုဘဏ်အကြီးတန်း အရာရှိတစ်ဦးကပြောသည်။
ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အကြားအထိ ပုဂ္ဂလိကဘဏ်များသို့ချေးငွေပေးရန် စီစဉ်ထားပြီး အတိုးနှုန်းသတ်မှတ်ချက်ကို ညှိနှိုင်းဆွေးနွေးနေကြောင်း ၎င်းကပြောသည်။ နိုင်ငံခြားငွေလိုအပ်သည့် ပုဂ္ဂလိကဘဏ်များသို့ အချိန်အကန့်အသတ်ဖြင့်ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင်ကျပ်ငွေတန်ဖိုးတက်ပြီး ငွေလဲနှုန်းတည်ငြိမ်ရန် ဗဟိုဘဏ်က ဒေါ်လာထုတ်ချေးရန် စီစဉ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။ ပုဂ္ဂလိကဘဏ်များအနေ ဖြင့် ကန်ဒေါ်လာလိုအပ်ပါက ပြင်ပမှ ဝယ်ယူရသည့် အခြေ အနေမျိုးကို ထိန်းနိုင်မည်ဖြစ်ပြီး ဈေးကွက်အတွင်း ဈေးကစားမှု များ လျော့နည်းမည်ဟု ဗဟို ဘဏ် အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ ‘‘ဗဟိုဘဏ်က ငွေထုတ်ချေး ရင် တဖြည်းဖြည်းနဲ့ ဒေါ်လာဈေး ကျလာမှာပဲ’’ဟု အငြိမ်းစားဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ပုဂ္ဂိုလ် ဦးသန်းလွင်ကပြောသည်။ ဗဟိုဘဏ်မှ ငွေထုတ်ချေးမည် ဆိုပါက လက်ရှိပြည်တွင်းငွေ ကြေးဈေးကွက်တွင် ကြုံတွေ့နေရသည့် ကန်ဒေါ်လာ တန်ဖိုး မတည်ငြိမ်မှုကို ထိန်းနိုင်မည်ဟု ၎င်းကသုံးသပ်သည်။ ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် ဇွန်လလယ်ပိုင်းကစတင်၍ မြင့်တက်လာပြီး ဇွန်လကုန် ရက် များတွင် တစ်ဒေါ်လာ ကျပ် ၁,၄၀၀ ကျော်အထိ မြင့်တက်ခဲ့ သည်။ ထို့နောက် ဇူလိုင်အတွင်း တစ်ဒေါ်လာ ကျပ် ၁,၄၀၀ အထက်တွင် ဆက်ရှိနေ၍ သြဂုတ် ၇ ရက်တွင် ၁,၄၇၅ ကျပ် အထိ မြင့်တက်ခဲ့သည်။ ထို့ နောက် သြဂုတ် ၁၀ ရက်တွင် ၁,၄၆၀ ကျပ်သို့ ပြန်လည်ကျ ဆင်းသည်။ ပြည်တွင်းငွေကြေးဈေး ကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ပြီး တည်ငြိမ်မှု မရှိခြင်းကြောင့် နှစ်လအတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ နှင့် ငွေလဲကောင်တာများနှင့် နှစ်ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထို့အပြင် ပုဂ္ဂလိကဘဏ် များကို ကန်ဒေါ်လာ တစ်ရက်လျှင် ငါးသောင်းမှ တစ်သိန်းအထိ ရောင်းချပေးမှုခဲ့သည်။ ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုး စံချိန် တင်မြင့်တက်မှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် ဗဟိုဘဏ်တို့ သြဂုတ် ၉ ရက်က အစည်းအဝေးပြုလုပ်ခဲ့သည်။ သတင်း-ပြည်သိမ်း 7Day

0 comments:

Post a Comment