Sunday, August 12, 2018

ထောင်ဒဏ်ပါသည့် စည်ပင်ဥပဒေသစ် အောက်တိုဘာတွင်စမည်

၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)မှ အသစ်ပြဋ္ဌာန်းလိုက်သည့်ဥပဒေသစ်ပါ စည်းကမ်းချက်များကို မလိုက်နာပါက ယင်းဥပဒေပါပြစ်မှုနှင့် ပြစ်ဒဏ်များအတိုင်း အောက်တိုဘာလမှစတင်ကာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
ယခုလက်ရှိတွင် စည်ပင်ဥပဒေသစ်ပါ လိုက်နာရမည့် စည်းကမ်းများနှင့်အရေး ယူဆောင်ရွက်မည့်ကိစ္စများကို ပညာပေးကာလအဖြစ် ဩဂုတ်လ တတိယအပတ်မှစတင်ကာ စက်တင်ဘာလအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “လာမယ့်ဘတ်ဂျက်အစ အောက်တိုဘာလမှာ စည်ပင်ဥပဒေအသစ်နဲ့ စတင် အရေးယူမယ်။ ဥပဒေအသစ်နဲ့ပတ်သက်လို့ ပြည်သူတွေသိအောင် ကမ်ပိန်းလုပ်ဦးမယ်။ အခြားသော လုပ်ငန်းတာဝန်တွေကိုလည်း ဒီဥပဒေပါအတိုင်း ဆောင်ရွက်မယ်”ဟု ဦးသန်းကဆိုသည်။ ၂၀၁၈ ခုနှစ် YCDC ဥပဒေသစ်တွင် ပြည်သူများအနေနှင့် ဌာနအလိုက် ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာမှုမရှိပါက ပြစ်မှုနှင့် ပြစ်ဒဏ်များမှာ ထောင်ဒဏ်သုံးလမှ အမြင့်ဆုံးတစ်နှစ်အထိလည်းကောင်း၊ ဒဏ်ငွေ တစ်သောင်းမှ အမြင့်ဆုံးဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းဥပဒေအသစ်တွင် ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေသစ်ပါ စည်းကမ်းများအနက် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်ပါက ဒဏ်ကြေးကျပ် ၃ သောင်းမှ ၅ သောင်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေအသစ်တွင် ထည့်သွင်း ရေးဆွဲထားပြီး ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်းများအတွင်းသို့ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းပြုပါက ငွေဒဏ် ကျပ် ၃ သောင်းမှ ကျပ်သုံးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစိစေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဥပဒေအသစ်တွင် ပါရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ်တွင် ယခင်ကော်မတီဝင် ၉ ဦးအစား ယခုအခါ ဒုတိယ ရန်ကုန်မြို့တော်ဝန်တစ်ဦး အပါအဝင် ကော်မတီဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ယင်းကော်မတီဝင် ၁၁ ဦးအနက် မြို့တော်ဝန်ကို နိုင်ငံတော်သမ္မတက ခန့်အပ်မည်ဖြစ်ပြီး ဒုတိယ ရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင် ၆ ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင် ၄ ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) အသိပေးလက်ကမ်းစာရွက်များကို YCDC ၏ လုပ်ငန်းဌာနတစ်ခုစီတွင် အရွက်ရေ ၂ သောင်းဖြင့် ဌာန ၂၀ အတွက် အသိပေးစာရွက် လေးသိန်းကို ဇူလိုင်လ ၃၀ ရက်မှစ၍ ယင်းဌာနသို့ လာရောက်သူများအား ဖြန့်ဝေပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇွန်လ ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့ပြီး လက်ရှိကြားကာလတွင် ၂၀၁၃ ခုနှစ် YCDC ဥပဒေဖြင့် စက်တင်ဘာလအထိသာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ The Voice


0 comments:

Post a Comment