Sunday, August 12, 2018

လှိုင်သာယာ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရပ်ဆိုင်းခံရမှုကို မကျေနပ်၍ ဒေသခံများ သမ္မတထံ တိုင်ကြား

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အုပ်ချုပ်ရေး တာဝန်မကျေပွန်ခြင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟုဆိုကာ တာဝန်မှရပ်ဆိုင်းလိုက်မှုကြောင့် ရပ်ကွက်နေသူ ၁၀၀၀ ကျော်က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့်သက်ဆိုင်ရာဌာနများထံ ဩဂုတ်လ ၁၁ ရက်က တိုင်ကြားထားကြောင်း ဦးဆောင်သူ ဦးစံလွင်ထံမှ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးကို ၁၀ ဦးခန့်ကတိုင်ကြားခဲ့ရာ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူက ဇူလိုင်လ ၃၁ ရက်တွင် အုပ်ချုပ်ရေးဥပဒေနှင့် မညီဟုဆိုကာ ရုံးစာဖြင့် ရပ်ဆိုင်းခဲ့ကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေသူများက မဲ ၈၀၀ ကျော်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးကို ခုံရုံးဖွဲ့စစ်ဆေးခြင်းမရှိဘဲ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး အရာရှိသာ စစ်ဆေးပြီး ဆုံးဖြတ်ချက်ချလိုက်သဖြင့် ခုံရုံဖွဲ့ကာစစ်ဆေးပေးရန် တိုင်ကြားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ အခန်း (၃)၊ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲ (ဈ) တို့နှင့် မညီညွတ်ကြောင်း စိစစ်တွေ့ရှိသဖြင့် ရပ်စဲလိုက်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အကြောင်းကြားစာအရ သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူစဉ်က ရပ်ကျိုးရွာကျိုးကို တာဝန်ကျေခဲ့ပြီး မြို့နယ်မှကျင်းပသော အစည်းအဝေးများ ရံဖန်ရံခါ ပျက်ကွက်မှုသာရှိကြောင်း၊ ထိုသို့ပျက်ကွက်ရခြင်းမှာ ၎င်းမှာကျူရှင်ဆရာဖြစ်သဖြင့် စာသင်ကြားနေရခြင်း ကြောင့်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး တာဝန်မှရပ်ဆိုင်းခံရသဖြင့် ကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ဂုဏ်သိက္ခာကျဆင်းရကြောင်း တာဝန်ရပ်ဆိုင်းခံရသော (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးဝေမျိုးဦးက ပြောကြားသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးအရာရှိထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။

The Voice

0 comments:

Post a Comment