Friday, August 10, 2018

စစ်တမ်းတစ်ခုအရ အသည်းရောင်အသားဝါ-ဘီဖြစ်ပွားမှု အများဆုံးမြို့များမှာ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်တို့ဖြစ်ပြီး မော်လမြိုင်မြို့မှာ အသည်းရောင်အသားဝါ-စီရောဂါ အများဆုံးဖြစ်


စစ်တမ်းအရ အသည်းရောင်းအသားဝါ-ဘီ ဖြစ်ပွားမှု အများဆုံးမြို့များသည် ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်တို့ဖြစ်ပြီး မော်လမြိုင်သည် အသည်းရောင်အသားဝါ-စီရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း၊ ၀န်ကြီးဒေါက်တာထိန်လင်း (မွန်ပြည်နယ်အစိုးရလူမှုရေးဝန်ကြီးဌာန) က သြဂုတ် ၉ ရက်မွန်ပြည်နယ် ခန်းမမော်လမြိုင်တွင် ကျင်းပသော ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ ၂၀၁၈ ခုနှစ် အထိမ်းအမှတ် အခမ်းအနား၊ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားပါသည်။

“မြန်မာနိုင်ငံမှာလည်း ၂၀၁၅-ခုနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူအတွင်း အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားမှုကို သိရှိရန် Sero-prevalence Survey စစ်တမ်း ကောက်ယူခဲ့ရာ အသည်းရောင်အသားဝါ ဘီပိုးရှိသူ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ စီပိုးရှိသူ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိတာ တွေ့ရတယ်လို့ သိရတယ်။ အဲဒီစစ်တမ်းကောက်ယူချက်အရ အသည်းရောင်အသားဝါဘီ ရောဂါဖြစ်ပွားမှု အများဆုံးမြို့များသည် ရန်ကုန်မြို့ ၁၂ ဒသမ ၂၉ ရာခိုင်နှုန်း၊ ပုသိမ်မြို့ ၉ ဒသမ ၁၅ ရာခိုင်နှုန်း၊ မော်လမြိုင်မြို့ ၇ ဒသမ ၈၄ ရာခိုင်နှုန်းတို့ဖြစ်ကြပြီး မော်လမြိုင်မြို့သည် အသည်းရောင်အသားဝါစီ ရောဂါဖြစ်ပွားမှုအများဆုံး ၁၀ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရပါတယ်” ဟု ဒေါက်တာထိန်လင်းက ပြောကြားသည်။

အသည်းရောင်အသားဝါ အေ၊ အီး ရောဂါတို့ကို တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်၊ အစားအစာသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ အသည်းကင်ဆာဖြစ်စေနိုင်သော အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း၊ ကလေးငယ်များအတွက်လည်း ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဘီကာကွယ်ဆေးကို ထည့်သွင်း၍ လစဉ်အခမဲ့ ထိုးနှံပေးနေကြောင်း ဒေါက်တာထိန်လင်းက ဆိုသည်။

အစီအစဉ်အရ ဒေါက်တာထွန်းတင် (ညွှန်ကြားရေးမှူး-ကူးစက်) က အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး ABCDE အကြောင်း၊ ကူးစက်မှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စစ်တမ်းအရ၊ အသည်းရောင်အသားဝါ ဘီ၊ စီ ကူးစက်ခံရသူ ၃၂၅ သန်းခန့် ရှိသော်လည်း ရောဂါရှိကြောင်း မသိ၍ ထိန်းချုပ်မှုခက်ခဲကာ နှစ်စဉ်ကမ္ဘာ့လူဦးရေ ၁ ဒသမ ၃၄ သန်းသည် နောက်ဆက်တွဲပြဿနာဖြစ်ပွား သေဆုံးမှုရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် အသည်းရောင်အသားဝါ ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်မှ ဖယ်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အသည်းရောင်အသားဝါ ဘီပိုးကို ရှာဖွေတွေ့ရှိသူ သမားတော်၏မွေးနေ့ကို ဂုဏ်ပြုကာ World Hepatits Day အဖြစ် ကျင်းပပြီး ယခုနှစ်ဆောင်ပုဒ် Find the Missing Millions အသည်းရောင်ရောဂါ ကင်းဝေးရေး၊ ၀ိုင်းဝန်းရှာဖွေ စစ်ဆေးပေးဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

မောင်မောင်ရွှေမြိုင်
Eleven Media Group

0 comments:

Post a Comment