Monday, August 13, 2018

ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာကမ်းနားပိုင်းရှိ နေအိမ် ၃၇ လုံး ပြိုကျပျက်စီး


ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ် ၃၇ လုံး ပြိုကျပျက်စီးမှု သြဂုတ် ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


သြဂုတ် ၁၂ ရက် ညနေ ၃ နာရီခန့်က ပေါင်မြို့နယ် အလှပ်ကျေးရွာကမ်းခြေတွင် ပင်လယ်ဒီရေလှိုင်း မြင့်တက်ခဲ့သည့်အတွက် ကမ်းခြေ၌ အနယ်နယ် အရပ်ရပ်မှ လာရောက်ပြီး ပင်လယ်နှင့် အသက်မွေးဝမ်းကျောင်း ပြုနေသောသူများ နေထိုင်ကြသည့် အိမ်ခြေ ၃၇ လုံး ပျက်စီးမှုရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် သတင်းရရချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ကွင်းဆင်းပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီအလှပ်ကျေးရွာ ကမ်းနားပိုင်းမှာ နေထိုင်တဲ့လူတွေဟာ ဒေသခံ ရွာသူရွာသားတွေ မဟုတ်ပါဘူး။ ရွာကလည်း အိမ်ထောင်စုစာရင်းပေါက်ခြင်းလည်း မရှိပါဘူး။ အနယ်နယ် အရပ်ရပ်ကနေ လာပြီးတော့ ဒီမှာအသက်မွေးဝမ်းကျောင်း လာလုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နေအိမ်ပြိုလဲမှုတွေ စာရင်းတွေကောက်ခံတဲ့အခါမှာလည်း စာရင်းဇယားတွေ အားနည်းမှု ရှိပါတယ်။ ဒါ့အပြင်ကို ရေလှိုင်းရိုက်လို့ ပြိုတာမျိုး မဟုတ်ဘဲနဲ့ နောက်ထပ်ဒီရေတက်ဖို့က ဒီနေ့နဲ့မနက်ဖြန် ထပ်တက်ဖို့ရှိနေသေးတဲ့ အတွက် ကိုယ့်ရဲ့နေအိမ်တွေကို စိတ်မချရလို့ အိမ်ဖျက်ပြီး ပြောင်းရွှေ့တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို အိမ်ဖျက်ပြီးပြောင်းရွှေ့တဲ့ အိမ်တွေအတွက်ကိုလည်း လက်ရှိဒီရေတက်နေတဲ့ အတွက်ကြောင့် ရေပြန်ကျသွားရင် မြေပုံကြမ်းနဲ့တကွ တိတိကျကျ စာရင်းကောက်ယူပြီးတော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာနကို အချိန်နဲ့တစ်ပြေးညီ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“မနေ့က ဒီလှိုင်းတွေက ကုန်းပေါ်ကို ရောက်တယ်။ နောက်လှိုင်းရိုက်လို့ အိမ်တွေပြိုတော့ ဟိုပြေးဒီပြေးပေါ့။ ကျွန်တော့်အိမ်ကတော့ လုံးဝပြိုသွားတယ်။ အခုက ရွာထဲက ညီမအိမ်မှာ နေနေတယ်။ အိမ်ကပစ္စည်းတွေကိုတော့ ကျောက်ဖျာရွာကိုပို့နေတယ်။ ကျန်တဲ့ပစ္စည်းတွေလည်း ရှိသေးတယ်။ ဒီလှိုင်းတက်မယ့်အချိန်က နီးလာတော့ မမှီရင် ဒီမှာပဲ ချန်ထားခဲ့လိုက်တော့မယ်။ ဒီမှာ နေအိမ်ပြန်ဆောက်ဖို့က မဖြစ်တော့ဘူး။ အခုလိုဖြစ်နေတာ တစ်နှစ်လည်းမဟုတ်၊ နှစ်နှစ်လည်း မဟုတ်ဘူး။ အိမ်စဆောက်တုန်းက ကျပ်နှစ်သိန်းလောက်ကုန်ခဲ့တယ်။ ပြိုလိုက်ပြန်ဆောက်လိုက်နဲ့ ကျပ်လေးသိန်းလောက် ကုန်ခဲ့ပြီးပြီ။ ဒီကမ်းနားပိုင်းမှာရှိတဲ့ အိမ်အတော်များများ မနေ့ကပြိုခဲ့ပါတယ်” ဟု အလှပ်ကျေးရွာ ကမ်းနားပိုင်းတွင် နေထိုင်သူ ဦးရွှေတောင်က ပြောကြားသည်။

ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးကျော်သူကလည်း “မနေ့က မွန်းလွဲ ၃ နာရီလောက်မှာ ဒီအလှပ်ကျေးရွာမှာ ရေတွေများလာတယ်လို့ သတင်းစရပါတယ်။ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ ဒီလှိုင်းတွေ ၀င်လာပြီးတော့ နေအိမ်တွေကို ရိုက်ခတ်နေတယ်လို့ သတင်းရခဲ့ပါတယ်။ ဒီကမ်းခြေကို ၃ နာရီ ၄၅ မိနစ်လောက်မှာ ရောက်ရှိခဲ့ပါတယ်။ ဒီမှာ အိမ်တွေပြိုပျက်နေတာကို တွေ့ရပါတယ်။ အဓိကကျတဲ့ အလှပ်တိုက်နယ် ဆေးရုံမှာရှိတဲ့ လူနာ ၃၃ ယောက်ကို ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ တိပိဋကရာမကျောင်းတိုက်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြီးတော့ ကမ်းခြေမှာ ပြိုပျက်နေတဲ့ အိမ်တွေက ပစ္စည်းတွေ လိုက်ကောက်ပြီး စုပေးတယ်။ ယိုင်နဲ့သွားတဲ့ အိမ်တွေကိုလည်း ကြိုးတွေနဲ့ဆိုင်းပြီး ပြန်တည့်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ရှစ်နှစ်တာကာလမှာ ဒီနှစ်က အကြီးမားဆုံး ပျက်စီးမှုပါ။ အရင်နှစ်တွေက ဒီလှိုင်းတက်ပေမယ့် ဒီလှိုင်းကာ ကျောက်စီကျောက်တန်းနားလောက်ကိုပဲ လှိုင်းကရောက်ပါတယ်။ ဒီနှစ်မှာတော့ လှိုင်းက အိမ်တွေအထိကို ငါးပေခန့်ရှိတဲ့ လှိုင်းလုံးတွေရောက်လာပြီးတော့ ရိုက်ခတ်နေတာကို တွေ့ ရပါတယ်” ဟု ဦးစိုးကျော်သူက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဒီရေလှိုင်းများတက်လာသည့်အတွက် အလှပ်ကျေးရွာအတွင်းသို့ ရေ၀င်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း အလှပ်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောကြားသည်။

ပေါင်မြို့နယ် အလှပ်ကျေးရွာကမ်းခြေ၌ ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်ကလည်း ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ရေလုပ်သားမိသားစုများ နေထိုင်သော နေအိမ် ၁၃ လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် အလှပ်ကျေးရွာကမ်းခြေတွင် နေထိုင်သူ အများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ရန် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း၊ အလှပ်ကမ်းခြေတွင် ရွှေ့ပြောင်းရေလုပ်သားများ၏ ကျူးကျော်အိမ်ခြေ ၂၀၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုဘိုမြင့်

Eleven Media Group

0 comments:

Post a Comment