Sunday, August 12, 2018

ရွှေတိဂုံတွင် ရွှေစင်ပြားထုတ်စက်ရုံ တည်ဆောက် ထုတ်လုပ်မည်


အဆင့်မြင့် နည်းပညာသုံး ရွှေစင်ပြားစက်ရုံတခုကို ရွှေတိဂုံစေတီမှာ တည်ဆောက်ပြီး တာရှည် တည်တံ့ခိုင်မြဲတဲ့ ရွှေစင်ပြားတွေ ထုတ်လုပ်မယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

စက်ရုံတည်ဆောက်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနဲ့ ရွှေတိဂုံဂေါပကအဖွဲ့တို့ သြဂုတ် ၁၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော်မှာ ၁ ပေပတ်လည် ရွှေစင်ပြားများ တာရှည်တည်တံ့ခိုင်မြဲစွာ ရွှေသင်္ကန်း ကပ်လှူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေပြားကြိတ်စက်ရုံကိုလည်း အမြန်ဆုံး လုံခြုံစိတ်ချစွာ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်နေပြီး အဓိကကျတဲ့ စက်ကို ပြည်တွင်းမှာ ဒီဇိုင်းပြုလုပ်ပြီး ထုတ်လုပ်လှူဒါန်းခြင်း ဖြစ်တယ်လို့ ဂေါပကအဖွဲ့ကို ပြောပါတယ်။

ရွှေစင်ရွှေပြား သင်္ကန်းတော်များကို ဥတုမရွေး တာရှည် ကျစ်လျစ်ခိုင်မြဲစေဖို့ အဆင့်မြင့် နည်းပညာ အသုံးပြုပြီး ရွှေစင်ပြားစက်ရုံငယ်တခုကို ရွှေတိဂုံစေတီတော်၊ တောင်ဘက်မုခ်အနီး အောက်ပစ္စယံမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ခေတ်မီနည်းစနစ်၊ စက်ကိရိယာတွေ အသုံးပြုပြီး တာရှည်တည်တံ့ခိုင်မြဲတဲ့ ရွှေစင်ပြားတွေကို မကြာမီ စတင်ထုတ်လုပ်ပြီး ကပ်လှူပူဇော်နိုင်တော့မယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ရွှေစင်ပြား ထုတ်လုပ်တဲ့ ကြိတ်စက်ကို စက်မှုဝန်ကြီးဌာနက ခေတ်မီနည်းစနစ်နဲ့ ပြည်တွင်းမှာ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: MOI
DVB

0 comments:

Post a Comment