Thursday, August 16, 2018

သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်လောင်းအချို့ ရွေးချယ်ရေးအဖွဲ့ထံ ကန့်ကွက်ခံရ

မကြာမီကျင်းပမည့် သတင်းမီဒီယာ ကောင်စီရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်နှင့် အဖွဲ့အစည်းအချို့ကို ရွေးချယ်ခြင်းမခံရစေရန် ကန့်ကွက်ခံရမှုများရှိကြောင်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးသီဟစောက ပြောကြားသည်။
“ရွေးချယ်တင်မြှောက်ဖို့ကို ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုပြီး စာပို့တာတွေလည်းရှိတယ်။ ဒီနေ့အတွက် လူတွေ စိတ်ဝင်စားကြတယ်လို့ ပြောရမှာပေါ့။ တချို့က ဒီလူ မဖြစ်သင့်ဘူး။ နှုတ်နဲ့လည်း လာပြောတဲ့သူတွေလည်းရှိတယ်။ ဒီနေ့ ညနေကို ကောင်စီမှာ အစည်းအဝေးအရေးပေါ် လုပ်မယ်။ တကယ်လို့ လိုအပ်တာရှိရင်တော့ သဘောထားကြေညာချက် ထုတ်ပြန်မယ်”ဟု ဦးသီဟစောက ပြောကြားသည်။

သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၈ ရက် ချက်ထရီရမ်ဟိုတယ်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲ တင်မြှောက်ရေးအဖွဲ့အနေနှင့် ၁/၂၀၁၈ ညွှန်ကြားချက်အတိုင်း မဲပေးရွေးချယ်ခံရသူကို ကိုယ်စားလှယ်များထဲမှ မည်သည့်အတွက်ကြောင့် ကန့်ကွက်ကြောင်း အကျိုးအကြောင်း တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိသည်ဟု ၎င်းကပြောသည်။ 

ရွေးချယ်ခံရပြီးနောက်ပိုင်း ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီးနောက် ကန့်ကွက်ရန်အချိန် ထပ်မံထုတ်ပြန်ထားသည်ဟု ၎င်းကပြောကြားသည်။

ရွေးချယ်ခံမည့် ကိုယ်စားလှယ် သတ်မှတ်ချက်နှင့် ကိုက်ညီသူ အယောက် ၅၀ ကို စိစစ်ထားပြီး ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူများကို မဲမပေးရန် မဲဆွယ်စည်းရုံးခြင်းဖြစ်သည်ဟု အသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပြောကြားသည်။

“လက်ရှိ MPC မှာ ပါဝင်နေသူတစ်ယောက်က သူကနေ ရွေးကောက်ပွဲဝင် ပြိုင်မယ့်ကိုယ်စားလှယ်တွေကို သူ့ရုံးကိုခေါ်တယ်။ ပြောကြဆိုကြတယ်၊ MJA ကို မဲမပေးဖို့ပြောတယ်။ အခုက အထောက်အထားနဲ့ ပြောလို့ ကျွန်တော်က ကန့်ကွက်တာပါ။ ယခင်က စာနယ်ဇင်းကောင်စီကို ဝိုင်းဆဲတာပဲရှိတယ်။ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ အခုက သတင်းလွတ်လပ်ခွင့်တို့ ဘာတို့လုပ်မယ့်သူတွေရှိသလို ကိုယ်အကျိုးစီးပွားအတွက် ဝင်တဲ့သူတွေလည်း ရှိတယ်”ဟု ၎င်းကပြောကြားသည်။

ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်းနှင့် သင်းဖွဲ့မှတ်ပုံတင်မထားသူများ ပါဝင်မှု ရှိ မရှိ၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ပြန်လည် စိစစ်ပေးရန်အတွက် ရွေးချယ်တင်မြှောက်ရေး ကော်မတီကို တိုင်ကြားထားသည်ဟု ဦးမြတ်ခိုင်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းမှ မဲဆွယ်စည်းရုံးပြောဆိုမှုများကို ကန့်ကွက်ကြောင်းကို ဩဂုတ် ၁၅ ရက်က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်းသမားကာကွယ်ရေး ကော်မတီမှ လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲကို လိုလားကြောင်း ကော်မတီမှ ဦးဆောင်သူ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။ 

“ကျွန်တော်တို့ကို မဲမပေးဖို့ နောက်ကွယ်က စည်းရုံးတာတွေရှိတယ်။ အထက်က ညွှန်ကြားတယ်။ ကျွန်တော်တို့ကို သူပုန်တွေ၊ ပြဿနာရှာသူတွေ Blacklist ထဲ ထည့်ထားတယ်။ သက်သေအထောက်အထားနဲ့ ရှိတယ်။ ဘယ်သူဆိုတာ မပြောချင်လို့ ကြေညာချက် ထုတ်လိုက်တယ်။ အဖွဲ့အစည်းတွေ မဲမပေးဖို့ ကျွန်တော်တို့ စည်းရုံးတာတွေရှိတယ်”ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် သတင်းမီဒီယာ အခန်းကဏ္ဍ အခက်အခဲ အခြေအနေကို ကာကွယ်ရန် နိုင်ငံတော်အဆင့်ဖြစ်သည့် သတင်းမီဒီယာ ကောင်စီကတစ်ဆင့် လုပ်ဆောင်ရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။
MJA, MJU,MJN, BNI, MWJS,MBA,MPC တို့မှ ကိုယ်စားလှယ် ၇ ဦး၊ သတင်းမီဒီယာ အဖွဲ့အစည်းများမှ ၅ ဦး၊ တစ်ဦးချင်း ကိုယ်စားလှယ်များမှ ၃ ဦး စုစုပေါင်း ၁၅ ဦးအပါအဝင် သတင်းအေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာအသင်း၊ ကဗျာဆရာအသင်း၊ ကာတွန်းရုပ်ပြဆရာအဖွဲ့တို့မှ ၇ ဦး၊ စုစု ပေါင်း ၂၂ ဦး ရွေးချယ်သွားမည်ဖြစ်သည်။

ထို့အပြင် လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု ၊ ဥပဒေရေးရာနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာရှင် လူထုအဖွဲ့အစည်းထဲမှ ရွေးချယ်အဆိုပြုသူ ကိုယ်စားလှယ် ၅ ဦး၊ နိုင်ငံတော် သမ္မတမှ အဆိုပြုသူတစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူတစ်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုသူတစ်ဦး စုစုပေါင်းကိုယ်စားလှယ် အယောက် ၃၀ ကိုရွေးချယ်သွားမည် ဖြစ်သည်။

ယခုကျင်းပမည့် သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ငါးနှစ် တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment