Thursday, August 16, 2018

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးနှစ်ဦးဖြစ်သော ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို မြောက်ဦးမြို့နယ်မှ လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြောင်း တိုင်ကြားသူများက ပြောကြားသည်။
ယင်းဝန်ကြီးနှစ်ဦးသည် မြောက်ဦးမြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ရန် တင်ဒါခေါ်ယူရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတို့ကိုကျော်လွန်ပြီး ဘက်လိုက်ကာ တင်ဒါရွေးချယ်၍ပေးခြင်း စသည်တို့ကြောင့် တိုင်တန်းရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“တင်ဒါလျှောက်တဲ့အခါ မပါတဲ့ကုမ္ပဏီကို ပေးတယ်။ အစိုးရအဖွဲ့အနေနဲ့ကတော့ အလုပ်လုပ်တဲ့အချိန်မှာ ပွင့်လင်းမြင်သာဖို့လိုတယ်။ ဝန်ကြီးတွေကိုယ်တိုင် ဥပဒေကို မလိုက်နာတဲ့အတွက်နဲ့ပေါ့” ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။

ထိုသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားရာတွင် ဝန်ကြီး ဦးကျော်အေးသိန်းအား လုပ်ငန်းရှင် ၆ ဦးအဖွဲ့က တိုင်တန်းမှုတစ်ခု၊ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက တိုင်ကြားမှုတစ်ခုနှင့် စည်ပင်သာယာရေးဝန်ကြီးအား ဝတီရွှေမြေ ဆောက်လုပ်ရေးကုမ္ပဏီတို့ ဩဂုတ်လ ၉ ရက်၊ ၁၀ ရက်နေ့တွင် တိုင်ကြားထားမှုတို့ ဖြစ်သည်။

“လုပ်ငန်းရှင်တွေအပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်ဆန်နဲ့ လုပ်တာတွေ့တော့ စိတ်မကောင်းဘူး။ ဒီမိုကရေစီကို လျှောက်လှမ်းနေတဲ့ အစိုးရဆိုပြီးတော့ ယုံကြည်ခဲ့တယ်။ အခုက လူထုကို အာဏာရှင်ဆန်ပြီး နှိပ်စက်နေတယ်”ဟု ဝတီရွှေမြေဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနှင်းထွန်းတိုးက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် တင်ဒါခေါ်ယူသည့်အခါ သတင်းစာမှ တရားဝင်ခေါ်ယူကာ အစိုးရအဖွဲ့ အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူတစ်ဦး၏ အခွင့်အရေးအရ အဂတိလိုက်စားသည်ဟုထင်ပါက တိုင်ကြားနိုင်ပြီး မိမိအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေး၍ အဂတိလိုက်စားမှုမြောက်လျှင် တရားစွဲဆို ပြစ်ဒဏ်ပေးနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“ဥပဒေအတိုင်းတော့လုပ်။ သူတို့ ထင်ယောင်ထင်မှားလုပ်လို့ အဂတိလိုက်စားမှု မရှိဘူးဆိုတဲ့နေ့မှာတော့ ကျွန်တော့်ရဲ့ ကိုယ်ကျင့်သိက္ခာကို ပြန်ကာကွယ်ရမယ်”ဟု ၎င်းကပြောဆိုသည်။

0 comments:

Post a Comment