Sunday, August 19, 2018

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ယာယီနေရာချထားခဲ့သော ကျောက်တော်မြို့နယ် နိဒင်ဘင်္ဂါလီ IDP စခန်း ပိတ်သိမ်း


ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ယာယီနေရာ ချထားခဲ့သော ကျောက်တော်မြို့နယ် နိဒင်ဘင်္ဂါလီ  IDP စခန်းအား သြဂုတ် ၁၉ ရက်က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု ၈၅ စုနှင့်လူဦးရေ ၅၈၀ ကျော်ရှိခဲ့ရာ မြို့အနီးဝန်းကျင်မှဘင်္ဂါလီများအနေဖြင့် နိဒင် ကျေး ရွာအနီးသို့ ရောက်ရှိခဲ့ပြီးနောက် သဘောတူညီမှုရယူကာ နိဒင်ကျေးရွာ အနောက်ဘက် လယ်ကွင်းပြင်၌ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးခဲ့ရာ ယခုအခါတွင် ပြီးစီးပြီ ဖြစ်ကာ နေအိမ်သစ်များသို့ ပြောင်းရွှေ့ အခြေချနေထိုင်ပြီဖြစ်ကြောင်း သိရသည်။
“အိမ်ထောင်စု ၈၅ စုအတွက် နေအိမ်တွေ ဆောက်လုပ်ပြီးစီးပြီဖြစ်တဲ့အတွက် ဒီနေ့တော့ အပြီးသတ် ရွှေ့ပြောင်းပေးလိုက် ပါတယ်။ နေအိမ်သစ်ကိုရောက်သွားပြီဖြစ်တယ်။ ဆောက်တာကတော့ ယခင်လတွေ ကတည်းက တစ်ဖြည်းဖြည်းချင်းဆောက်လုပ်ပြီးသွားရတာဖြစ်တယ်” ဟုလည်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောကြားသည်။
အဆိုပါပြန်လည်အခြေချရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ရေးကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ရွှေ့ပြောင်း အခြေချနေထိုင်နိုင်ပြီဖြစ်သည့်တိုင် ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရဘက်မှ လိုအပ်သလို ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူ ရိန်က ပြောကြားသည်။
အလားတူစွာပင် မြေပုံမြို့နယ်ရှိ တောင်ပေါ်ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများအတွက်လည်း လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးလျက်ရှိရာ အတိုင်းအတာတစ်ခုထိပြီးစီးနေပြီဖြစ်ကြောင်း၊ အဖြတ်လိုက် လုပ်ဆောင်ပေးနေကြောင်း၊ အိမ်တစ်ရာကို ဆောက်လုပ်ရွှေ့ပြောင်းထားပြီး တစ်ရာကို ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment