Tuesday, May 28, 2019

အစိုဓာတ် မပြည့်မီသော စပါးများကို ဆန်စပါး အသင်းချုပ်က ကျပ်လေးသိန်းကျော်ဖြင့် ဝယ်ယူပေးမည်

သတ်မှတ်ထားသည့် အစိုဓာတ်စံနှုန်း မပြည့်မီသော စပါးများကို ကားလမ်းပေါ်အရောက် ပို့ပေးပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကျပ် လေးသိန်းလေးသောင်းဈေးဖြင့် ဝယ်ယူပေးသွားမည် ဖြစ်ကြောင်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။ 
" တောင်သူကလဲ ချက်ချင်းရောင်းချင်တယ် စက်ပိုင်းဘက်ကလဲ မဝယ်နိုင်တဲ့အခါ စပါးဈေးက ကျသင့်တာထက် ပိုကျတယ်။ ဒိုက်ဦးမှာဆန္ဒပြတော့ တောင်သူတွေနဲ့ သွားဆွေးနွေးတယ်။ စပါးဝယ်သူ မရှိရင် အသင်းချုပ်အနေနဲ့ ဝယ်ပေးမယ်။ အဲ့မှာ သူတို့ရောင်းမယ့် စပါးက အစိုဓာတ်က ၂၃ ၊ ၂၄ ရှိတယ်။ အဲ့တော့ ၅သိန်းဈေးတော့ ဒီအစိုကို ပေးမဝယ်နိုင်ဘူး 
၄၄၀၀၀၀ ဈေးနဲ့ ဝယ်ပေးမယ်ဆိုရင် တောင်သူတွေ ကျေနပ်လားဆိုတော့ ကျေနပ်တယ် ရောင်းပါမယ်ဆိုတော့ ဝယ်တယ်။ စပါးရောင်းချင်ရင် ၄၄၀၀၀၀ ဈေးနဲ့ ကားလမ်းဘေးကိုပို့ပေး ကျွန်တော်တို့ ဝယ်ပေးမယ်"ဟု ၎င်းကပြောသည်။ 
အစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း တွက်ချက်၍ 
(အစိုဓာတ် ၁၄ရာခိုင်နှုန်း)ရှိပြီး အဖျင်းအမှော် ၊ဖုန်၊ သဲ၊ ခဲ စသော အရည်အသွေးပိုင်းဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ပေါင်တိုက် စပါးတင်း ၁၀၀လျှင် အခြေခံဈေးနှုန်း ကျပ် ၅ သိန်းဖြင့် ၀ယ်ယူပေးရန် သတ်မှတ်ထားသည်။ 
ထိုသို့ သတ်မှတ်ထားသော်လည်း လက်ရှိတွင် တောင်သူများက ရိတ်သိမ်းခြွေစက်များ အသုံးပြု၍ ချက်ချင်း ရောင်းချရာတွင် အစိုဓာတ်ပါဝင်မှုသည် ၂၄ ရာခိုင်နှုန်းအထိ ပါဝင်နေသောကြောင့် သတ်မှတ်ထားသော အခြေခံဈေးနှုန်းထက် လျော့ကျနေခြင်းဖြစ်သည်။ 
"အခု တောင်သူတွေက ရိတ်သိမ်းခြွေစက်တွေ သုံးလာတဲ့အတွက် စပါးတွေက အစိုကြီးတွေဖြစ်တယ်။ အစိုဓာတ် ရေငွေ့ပါဝင်မှုက ၂၃ ၊၂၄ ၊၂၅ ထိ ပါတဲ့အခါ ဆန်ကြိတ်လို့ရတယ် စားလို့ရတယ် ရောင်းလို့ရတယ်ဆိုတဲ့ အခြေနေက ၁၄ ရာခိုင်နှုန်းက ရောင်းလို့ရတယ်။ ၂၃ ၊၂၄ ဆိုရင် ၂ ရက် ၃ရက်တောင် ထားလို့မရဘူး၊ အထူးသဖြင့် ပိုဆိုးတာက မီးပျက်တယ် မီးမလာတဲ့အတွက် လာတဲ့စပါးအစိုတွေကို အခြောက်ခံစက်နဲ့ အခြောက်မခံနိုင်တဲ့အတွက် ၁ရက်၂ရက် ၃ရက်ပဲ ထားလို့ရတဲ့ စပါးက ထပ်ဝယ်ရင် ပျက်စီးဆုံးရှုံးတော့မှာ အာ့ကြောင့် ထပ်မဝယ်တော့ဘူး။ ဝယ်သူမရှိတော့ဘူး လာတဲ့စပါးကလဲ အစိုကြီး ဝယ်သူကလဲပျောက် ဆန်ကလဲ ကြိတ်လို့မရဘူး ဆက်ထားလို့ကလဲ အဆင်မပြေတဲ့အခါ စက်ပိုင်တွေ တော်တော်များများက မဝယ်နိုင်တော့ဘူး"ဟု ဦးအောင်သန်းဦးက ပြောသည်။ 
စပါး အစိုဓာတ် ၂၄ ရာခိုင်နှုန်း ပါဝင်မှုကြောင့် 
စပါးများပူလာ၍ ဆန်အရောင်ပျက်လာခြင်း ၊ အဝါဖောက်ပြီး ဆန်အရည်အသွေးကျဆင်းခြင်း ၊ ကြိတ်သည့်အချိန်တွင် အကျိုးအကျေများကာ ဆန်ကွဲများဖြစ်ပေါ်လျက်ရှိပြီး ပျက်စီးဆုံးရှုံးမှု များပြားသောကြောင့် စက်ပိုင်များအနေဖြင့် ဝယ်ယူနိုင်ခြင်း မရှိတော့ကြောင်း ၎င်းကပြောသည်။ 
အဆိုပါ စပါးများကို နေလှန်း အခြောက်ခံမည်ဆိုပါက စပါးတင်း ၁၀၀ ကို ကျပ် ခြောက်သောင်းခန့် ကုန်ကျမည့်အပြင် အခြောက်ခံပြီးပါက တင်း ၁၀၀ ကို ၁၅ တင်းခန့် လျော့ကျသည် ဟုဆိုသည်။ 
ပြည်တွင်း၌ လက်ရှိ ဈေးနှုန်းကျဆင်းနေသော စပါးအမျိုးအစားသည် ပြည်ပသို့ တင်ပို့နေသည့် 
ဆန်ကြမ်းအမျိုးအစားဖြစ်ပြီး ပြည်တွင်းစားသုံးသည့် ဆန်အမျိုးအစားမှာ အခြေခံဈေးနှုန်းအထက်တွင်သာ ရှိကြောင်းသိရသည်။ 
မြန်မာနိုင်ငံ၏ အကြီးဆုံး ဝယ်လက်ဖြစ်သော တရုတ်နိုင်ငံ၏ ဈေးကွက် ပျောက်ဆုံးသွားခြင်းသည် ပြည်တွင်း၌ ဆန်စပါးဈေးနှုန်း ကျဆင်းရသည့် အဓိက အချက်တစ်ချက်ဖြစ်သည်ဟုဆိုသည်။ 
The Fifth Wave News 

0 comments:

Post a Comment