Wednesday, May 1, 2019

ကုလအတွင်းရေးမှူးချုပ် တရုတ်ခရီးစဉ်အတွင်း ရှင်ကျန်းဒေသ မွတ်စလင်များအရေး အဓိက ဆွေးနွေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရှင်ကျန်းဒေသက မွတ်စလင်တွေရဲ့ အကျပ်အတည်းကို အဓိက ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ဧပြီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ 
တရုတ်ဟာ နိုင်ငံအနောက်ဘက်ပိုင်းက မွတ်စလင်တွေကို လေ့ကျင့်ရေးစခန်းသွင်းပြီး ပညာပေးတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပါတယ်။ 

အဲဒီစခန်းတွေမှာ ဝီဂါလူမျိုးစုတွေနဲ့ တခြားမွတ်စလင်တွေ အယောက် တသန်းကျော်ကို ထိန်းသိမ်းထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

ဧပြီ ၂၆ ရက်ေန့က တရုတ်နိုင်ငံကို ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဂူတာရက်စ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သီးခြားတွေ့ဆုံမှုမှာ ရှင်ကျန်းဒေသက မွတ်စလင်တွေအကြောင်း အဓိက ဆွေးနွေးခဲ့ပါတယ်။ 

ဝီဂါလူမျိုးစုတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ လူပျောက်မှုတွေ၊ အာဏာရှင်ဆန်ဆန် ဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ကုလက စစ်ဆေးနိုင်ရေး တရုတ်အစိုးရအနေနဲ့ ခွင့်ပြုသွားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကော်မရှင်နာမင်းကြီး မစ်ရှယ် ဘာချီလတ်က ထပ်တလဲလဲ ဖိအားပေးခဲ့ပါတယ်။

DVB

0 comments:

Post a Comment